မကျွတ်လွတ်သည့် ထိုင်းဘုန်းကြီးတစ္ဆေရုပ်ရှင် – Pee Nak မေလ ၉ ရက် ရုံတင်မည် (နမူနာ)

ထိုင်းသရဲကား နှစ်သက်ကြတဲ့ ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Pee Nak အမည်ရတဲ့ ရုပ်ရှင်ကို မြန်မာနိုင်ငံမှာ လာမယ့် မေလ ၉ ရက်နေ့ကစ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ Five Star Production နဲ့ MM2 ရုပ်ရှင်ထုတ်လုပ်ရေးတို့က စီစဉ်ပြီး ထိုင်းရုပ်ရှင်ဒါရိုက်တာ Phontharis Chotkijsadarsopon က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအခြေတည်ထားတာကတော့ မြို့ပြင် လူသူမနီးတဲ့အရပ်က ဘုန်းကြီးကျောင်းတကျောင်းမှာ ဖြစ်ပြီး အဲဒီဘုန်းကြီးကျောင်းမှာ ဒုလ္လဘရဟန်းခံဖို့ ကြိုးစားသူတိုင်း မအောင်မြင်ဘဲ အကြောင်းတခုခုနဲ့ သေဆုံးသွားရတယ်လို့ နာမည်ကြီးနေခဲ့တာပါ။ ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲ။ တရက်မှာတော့ အဲဒီဘုန်းကြီးကျောင်းကို ရဟန်းခံဖို့အတွက် လူငယ် သူငယ်ချင်း ၃ ယောက် ရောက်ရှိလာခဲ့ချိန်မှာ ဘာတွေ ကြုံတွေ့ရမလဲ။ သူတို့ဟာ အသက်ရှင်လျက်နဲ့ပဲ အောင်အောင်မြင်မြင် ရဟန်းခံနိုင်မလား။ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရမလား။ နောက်ပြီး အဲဒီဘုန်းကြီးကျောင်းထဲမှာ ကျိန်စာသင့်ပြီး မကျွတ်လွတ်တဲ့ ဘုန်းကြီးတစ္ဆေ ရှိနေတာမို့ ဘယ်လိုသွေးပျက်ထိတ်လန့်စရာ မြင်ကွင်းတွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ထားမလဲဆိုတာ မကြာခင် ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ထိုင်းသရဲကားတွေရဲ့ ထုံးစံအတိုင်း ကြောက်စရာတွေရော၊ ဟာသဇာတ်ကွက်တွေကိုပါ ရောမွှေရိုက်ကူးထားတာမို့ ဒီကားဟာလည်း တမူထူးခြားနေတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ထိုင်းသရုပ်ဆောင်တွေဖြစ်ကြတဲ့    Chinawut Indracusin၊ Bhuripat Vejvongsatechavat၊ Jannine Parawie Weigel နဲ့ Vachiravit Paisarnkulwong တို့က ခေါင်းဆောင်ပါဝင်ထားကြပါတယ်။ IMDb မှာ Rating 5.6 ရရှိထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ ထိုင်းဘာသာစကားကို အသုံးပြုထားပြီး အင်္ဂလိပ်လို စာတန်းထိုးပေးထားပါတယ်။ ထိုင်းနိုင်ငံမှာတော့ ဒီရုပ်ရှင်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကတည်းက ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up