ထိုင်းတွင် မူးယစ်ဆေးသယ်ဆောင်လာသည့်ကား ရဲလိုက်ဖမ်း၍ ကားမီးရှို့ပြီး ထွက်ပြေး (ရုပ်သံ)

ဓာတ်ပုံ - Chiangmai News
ထိုင်းနိုင်ငံမြောက်ပိုင်း လမ်းပန်းခရိုင်ထဲမှာ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ ကားတစီးက သူ့နောက်ကို ရဲတွေလိုက်လာတဲ့အတွက် အဲဒီကားတစီးလုံးကို မီးရှို့ပြီး ယာဉ်မောင်း ထွက်ပြေးသွားခဲ့ပါတယ်။ လမ်းပန်းခရိုင် ဆုပ်ပလပ်မြို့နယ် ဖဟွန်ယိုးထင်း လမ်းမကြီးပေါ်မှာ မနေ့ နေ့လယ် ၁၂ နာရီခွဲလောက်က မော်တော်ကားတစီး မီးလောင်နေကြောင်း သတင်းပေးပို့ချက် ရတဲ့အတွက် ဆုပ်ပလပ်ရဲစခန်း တာဝန်ရှိသူတွေ အမြန်ဆုံး သွားရောက် ငြှိမ်းသတ်ခဲ့ပါတယ်။ မီးလောင်တဲ့ကားဟာ အဖြူရောင် အီစူဇးမြူးဆဲဗင်း အမျိုးအစားဖြစ်ပြီး မူးယစ်ဆေးဝါးနံ့တွေ ညှော်နေကာ ကားထဲကလူတွေတော့ တယောက်မှ မတွေ့ရဘူးလို့ ဆုပ်ပလပ်ရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ တာဝန်ရှိသူတွေက အဲဒီ မီးလောင်ကားကို ငြှိမ်းသတ်နေစဉ် အနောက်က မဲ့ဖရစ်နယ်မြေ ရဲစခန်းက ရဲတွေ ရောက်လာပြီး အဲဒီကားဟာ သူတို့အလိုရှိနေတဲ့ကား ဖြစ်တယ်လို့ ပြောပါတယ်။ ဒီမတိုင်ခင်က အဲဒီကားဟာ မဲ့ဖရစ်စစ်ဆေးရေးစခန်းကို တိမ်းရှောင်ပြီး နောက်ပြန်လှည့်ကာ တခြားလမ်းကနေ မောင်းပြေးခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က မသင်္ကာလို့ အနောက်ကနေ လိုက်သွားရာမှာ ကားက ရပ်မပေးဘဲ အရှိန်မြှင့်မောင်းတဲ့အတွက် ကားဘီးကို သေနတ်နဲ့ပစ်ခဲ့ကြောင်း၊ ဒါပေမယ့် ကားသမားက ဆက်မောင်းသွားပြီး ပြေးမလွတ်တော့မှန်း သိတဲ့အတွက် ကားကို မီးရှို့ကာ အနီးရှိတောအုပ်ထဲ ထွက်ပြေးသွားဟန်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီနောက် ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက လူစုခွဲပြီး အနီးကတောထဲကို လိုက်လံ ရှာဖွေရာမှာ ယာဉ်မောင်းဘေးက ထိုင်လိုက်လာတဲ့ မိန်းကလေးတဦးကို ဖမ်းမိပြီး စစ်ဆေးမေးမြန်းချက်အရ မီးလောင်တဲ့အထဲ ပါသွားတဲ့ မူးယစ်ဆေးဝါးတွေဟာ စိတ်ကြွဆေး ၂ သန်းကျော်နဲ့ အိုက်စ်မူးယစ်ဆေး ၁၀ ကီလိုဂရမ် ပါရှိတယ်လို့ ဆိုပါတယ်။ ထွက်ပြေးလွတ်မြောက်နေသူမှာ အသက် ၂၄ နှစ်အရွယ်ရှိ နိုင်းဖွန်းထိပ် ချိမ်းမား ဆိုသူဖြစ်ပြီး သူတို့ရဲ့ကားနဲ့ မူးယစ်ဆေးတင်ထားတဲ့ကားကို ချင်းရိုင်းခရိုင်ကနေ လဲလှယ်မောင်းနှင်ခဲ့တယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက နိုင်းဖွန်းထိပ်ကို ဖမ်းဆီးရမိရေးအတွက် အဲဒီနယ်မြေတဝိုက်က တာဝန်ရှိသူတွေကို အကြောင်းကြားထားပြီး နောက်ထပ်ကွင်းဆက်တွေကို လိုက်လံစုံစမ်း အရေးယူသွားမယ်လို့ သတင်းထောက်ကို ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up