ကုလ လူသားချင်းစာနာမှုရေးရာ လက်ထောက်အတွင်းရေးမှူးချုပ် မြန်မာပြည်လာမည်
DVB
·
May 8, 2019
ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ လက်ထောက် အတွင်းရေးမှူးချုပ် မစ္စ အာရ်ဆူလာမြူလာဟာ မေလ ၉ ရက်မှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ UNOCHA ရုံးက သတင်းထုတ်ပြန်ပါတယ်။
အာရ်ဆူလာမြူလာ အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး တာဝန်ယူထားသူလည်းဖြစ်ပြီး မေလ ၉ ရက်ကနေ ၁၅ ရက်အထိ မြန်မာနိုင်ငံကို လာရောက်မှာပါ။
ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ လူသားချင်းစာနာမှု အကူအညီလို အပ်တဲ့အခြေအနေတွေ၊ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခရဲ့ သက်ရောက်မှု အခြေအနေတွေကို ကိုယ်တိုင်တွေ့မြင် သိရှိနိုင်ဖို့နဲ့ အဲဒီပြည်နယ်တွေမှာ နေထိုင်နေတဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်သူ တွေနဲ့ ထိခိုက်လွယ် အခြေအနေရှိသူတွေအတွက် ရေရှည်တည့်တံ့တဲ့ ဖြေရှင်းမှုနည်းလမ်းတွေ ကို ဆွေးနွေးဖို့ လာရောက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
မစ္စမြူလာအနေနဲ့ မိတ်ဖက်လုပ်ဆောင်နေသူတွေနဲ့ တွေ့ဆုံမယ့် အစည်းအဝေးတွေမှာ မြန်မာနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းတွေကို တိုးတက်စေမယ့် နည်းလမ်းတွေနဲ့ အဲဒီလုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေနဲ့ ဘယ်လို ချိတ်ဆက် ဆောင်ရွက်မလဲ ဆိုတာကိုလည်း ဆွေးနွေးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံခရီးစဉ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခ အခြေအနေတွေကြောင့် ထိခိုက်ခံစားရတဲ့ ပြည်သူတွေ၊ အစိုးရ ထိပ်ပိုင်းအရာရှိတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ရန်ကုန်နဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့က နေရပ်စွန့်ခွာတိမ်းရှောင် စခန်းတွေကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။
မစ္စ အာရ်ဆူလာမြူလာဟာ ၂၀၁၈ ဧပြီ ၂ ရက်ကနေ ၁၁ ရက်အထိမှာလည်း လူသားချင်းစာနာမှုဆိုင်ရာ အရေးကိစ္စတွေအတွက် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ရခိုင်နဲ့ ကချင်ပြည်နယ်က စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။