A d v e r t i s e m e n t With Us

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့တွင် အိမ်ခြေ ၅၀ ကျော် မီးလောင်

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့ပေါ်မှာ ဒီနေ့မနက် ၁၀ နာရီကနေ မွန်းလွဲ ၁ နာရီထိ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၅၀ ကျော် မီးထဲပါသွားခဲ့ပါတယ်။ မီးလောင်ရတဲ့အကြောင်းကို မသိရသေးပေမယ့်လည်း မြို့လယ်ရပ်ကွက်မှာရှိတဲ့ သံထည်ပစ္စည်းရောင်းချသူ ဦးချန်ဒ္ဒရာရဲ့ အိမ်နောက်ဖေးက စလောင်တာဖြစ်ပြီး နှစ် ၅၀ အတွင်းမှာ အကြီးဆုံး မီးလောင်မှုဖြစ်တယ်လို့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးအောင်ထွန်းက ပြောပါတယ်။ “ပျဉ်ထောင်အိမ်တွေက ဆွေးမှာစိုးလို့ ရေနံချေးသုတ်ထားတာလေ။ တအိမ်နဲ့ တအိမ်က ဆက်တော့ လောင်စာလိုဖြစ်သွားတယ်။ တအိမ်နဲ့ တအိမ်က ခေါင်မိုးတွေဆို ထိလုမတတ်။ မီးသတ်တော့ ချက်ချင်းရောက်ပါတယ်။ ဒီမှာက တောင်ပေါ်မြို့ဆိုတော့ ရေနည်းနည်းရှားတော့ ရေပက်ရင်း ကုန်သွားရင်းနဲ့ လေလည်းနည်းနည်းပါတော့ ဘယ်လိုမှမနိုင်ဘူးဖြစ်နေ တယ်။ မြို့လယ်ခေါင်ကလည်း ကျဉ်းတော့၊ လူတွေလည်း တိုးဝှေ့ပြီး တပိုင်တနိုင်နဲ့ ၀ိုင်းငြှိမ်းတော့ အခုငြိမ်းသွားပါပြီ။” ကျောက်မဲ၊ လားရှိုးနဲ့ သီပေါက မီးသတ်ကားတွေကိုလည်း အကူအညီတောင်းခဲ့ပြီး အဲဒီမီးသတ်ကားတွေမရောက်ခင် မီးညွန့်ကျိုးသွားတယ်လို့ ဆိုပါတယ်။ မီးလောင်သွားတဲ့အိမ်တွေဟာ မြို့လယ်ရပ်ကွက်ထဲက အိမ်ခြေ ၁၅ လုံးနဲ့ နမ္မဝေါရပ်ကွက်က ၃၀ လောက် ပါဝင်ပြီး လူ ၃၀၀ နီးပါး အိမ်ရာမဲ့ဘ၀ ရောက်သွားတယ်လို့ ဆိုပါတယ်။ မီးဘေးဒုက္ခသည်တွေအတွက် နေရာချထားပေးဖို့ မြို့နယ်အုပ်ချုပ်ရေးက အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး ပလောင်ဘုန်းကြီးကျောင်းနဲ့ တရုတ်ဘုံကျောင်းတွေမှာ နေရာချထားပေးဖို့ လျာထားတယ်လို့ ဦးအောင်ထွန်းက ပြောပါတယ်။ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိဘူးလို့ ဆိုပါတယ်။ မီးလောင်ခဲ့တဲ့ ရပ်ကွက် ၂ ခုဟာ လက်ဖက်လုပ်ငန်းနဲ့ ကုန်စုံဆိုင်တွေ၊ အိမ်ဆိုင်တွေ ဖွင့်ကြတဲ့အတွက် အိမ်ထောင်ပရိဘောဂအပြင် ဆန်၊ ဆီနဲ့ ဆား အစရှိတဲ့  ရောင်းကုန်ပစ္စည်းတွေပါ ပါဝင်တဲ့အတွက်  ကာလတန်ဖိုး ခန့်မှန်းခြေ ကျပ်ငွေ သိန်း ၄-၅  ထောင် အနည်းဆုံး ဆုံးရှုံးမယ်လို့  ဦးအောင်ထွန်းက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up