မုံရွာရှိ တရားမ၀င် လမ်းဘေး စက်သုံးဆီဆိုင်များကို စိစစ်အရေးယူမည်
Aung Ko Latt
·
May 8, 2019
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ခွင့်ပြုချက်မရှိဘဲ သိုလှောင်ဖြန့်ဖြူး ရောင်းချနေတဲ့ လမ်းဘေး စက်သုံးဆီဆိုင်တွေကို စိစစ်အရေးယူသွားမယ်လို့ တိုင်းအစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ကပြောပါတယ်။
လမ်းဘေးမှာ တရားမဝင် သိုလှောင်ဖြန့်ဖြူးရောင်းချနေတဲ့ စက်သုံးဆီဆိုင်တွေကို စိစစ်ထိန်းချုပ် ဆောင်ရွက်ပေးဖို့ မုံရွာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်က မေလ ၆ ရက်က ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး မှာမေးခွန်းမေးမြန်းခဲ့နဲ့ ပတ်သက်ပြီး ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။
သတ္တု၊ စွမ်းအင်၊ ပတ်ဝန်းကျင်ဌာနတွေကို ပူးတွဲကိုင်တွယ်နေတဲ့ ချင်းတိုင်းရင်း သားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းက “တိုင်းအတွင်းက တရားမဝင် စက်သုံးဆီ အရောင်းဆိုင်တွေ လျော့နည်းပပျောက်စေဖို့နဲ့ စက်သုံးဆီလုပ်ငန်း ဆောက်ရွက်သူတွေကို ဥပဒေနဲ့အညီ ကြီးကြပ်ဆောင်ရွက်ဖို့ တိုင်း၊ ခရိုင်၊ မြို့နယ် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိန်းကြီးကြပ်ရေးဆပ်ကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ အရေးယူဖို့လည်း အကြောင်းကြားထားပြီးဖြစ်ပါတယ်။ မုံရွာမြို့မှာ လိုင်စင်မဲ့ ဘက်ထရီပန့်ဆိုင် ၆၅ ဆိုင်၊ ဘူးထောင်ဆိုင် ၁၉ ဆိုင်ကို လုံးဝပိတ်သိမ်းဖို့၊ မလိုက်နာရင် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၀ နှင့် ၃၇ အရ အရေးယူသွားမည်။”လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ၂၀၁၀ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအထိ စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ကို ၂၄၃၂ ခုအထိ ထုတ်ပေးထားပြီး တချို့ဆီဆိုင်တွေက လမ်းဘေးတင်မက နေအိမ်တွေ၊ ဈေးဆိုင်တွေ၊ ဘုန်းကြီးကျောင်းတွေမှာပါ သိုလှောင်ဖြန့်ဖြူးနေ ကြတဲ့အတွက်မီးဘေးအန္တရာယ်စိုးရိမ်ရတယ်လို့ ကိုယ်စားလှယ် ဒေါ်အမာကြည်က ပြောပါတယ်။
“ပူးပြင်းခြောက်သွေ့တဲ့ရာသီမှာ အခုနှစ်အတွင်းမှာပဲ စက်သုံးဆီဆိုင်ကြီးတဆိုင် ဆီလှယ်ရာကနေ မီးလောင်ခဲ့တယ်။ ဒါတွေက စိစစ်ဖို့လိုတယ်။ လမ်းကြားတိုင်း လမ်းကြား တိုင်းမှာ ဘက်ထရီနဲ့သုံးတဲ့ ပန့်ဆိုင်လေးတွေက ပြောင်ပြောင်တင်းတင်းကို ရောင်းနေကြတယ်။ မီးဘေးအန္တရာယ်စိုးရိမ်ရတဲ့အတွက် အစိုးရအနေနဲ့ စိစစ်ထိန်းချုပ်ပေးဖို့ မေးခွန်းမေးရခြင်းဖြစ် ပါတယ်”
မုံရွာမြို့မှာ တရားမဝင် လမ်းဘေးစက်သုံးဆီအရောင်းဆိုင် ရာနဲ့ချီရှိနေပါတယ်။ ပြီးခဲ့တဲ့ နအဖ စစ်အစိုးရလက်ထက်ကလည်း ရပ်ကွက်တွေထဲမှာ ရောင်းချနေတဲ့ တရားမဝင် စက်သုံးဆီ ဆိုင်တွေကြောင့် မီးဘေးအန္တရာယ်စိုးရိမ်ရတဲ့အတွက်လည်း မြို့ထဲမှာ ရှိတဲ့စက်သုံးဆီဆိုင် တွေကို လိုင်စင်တွေပြုလုပ်ပြီး မြို့ပြင်တွေမှာ ဆီဆိုင်တန်းတွေအဖြစ် သတ်မှတ်နေရာချထား ပေးခဲ့ပါသေးတယ်။
လက်ရှိမှာ ရောင်းချနေတဲ့ လမ်းဘေးစက်သုံးဆီအရောင်းဆိုင်တွေက တချို့က မီးသတ်ဆေးဘူးတွေ အဆင်သင့်ဆောင်ထားကြပေမယ့် တချို့မှာတော့ အကာအကွယ် ပြင်ဆင်မှုမရှိဘဲ ရောင်းချနေကြတာပါ။
လမ်းဘေးစက်သုံးဆီဆိုင်တွေကို စိစစ်အရေးယူတော့မယ်ဆိုတဲ့အပေါ်မှာ နေအိမ်နဲ့ လမ်းဘေးမှာ စက်သုံးဆီရောင်းဝယ်နေသူတွေကတော့ မိသားစုစားဝတ်နေရေး အခက်အခဲ တွေ့မှာကို စိုးရိမ်နေကြပါတယ်။
နေအိမ်စက်သုံးဆီရောင်းချနေသူ တဦးကတော့ စက်သုံးဆီဆိုင်ကြီးတွေရဲ့ အကျိုးစီးပွား အတွက် ခုလိုလုပ်ဆောင်တာလားဆိုပြီး မေးခွန်းထုတ်ပါတယ်။
ဒါ့အပြင် စက်သုံးဆီတရားဝင်ရောင်းချခွင့်ရဖို့ လိုင်စင်လုပ်ရာမှာလည်း လွယ်လင့် တကူမရရှိဘဲ အခက်အခဲရှိနေတယ်လို့လည်း နေအိမ်စက်သုံးဆီရောင်းချနေသူတွေကပြော ပါတယ်။