မြန်မာပြည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် နိုင်ငံရေးပဋိညာဉ် ရှာပုံတော် ၁

မြန်မာပြည် ဒီမိုကရေစီအပြောင်းအလဲနဲ့ ပတ်သက်လို့ မျှော်လင့်ချက်မှန်သမျှ လက်တွေ့မှာ ၂၀၀၈ ခုနှစ်တုန်းက စစ်တပ်က ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည့်တည့်ရင်ဆိုင်ရဖို့ပဲ ရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာက ဒီမိုကရေစီကို မထီမဲ့မြင် လုပ်ခဲ့တယ်လို့ အများက ယူဆကြတဲ့ ၂၀၀၈ မေလ ဆန္ဒခံယူပွဲနဲ့ တရားဝင်အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံပါ။ အဲဒီတုန်းက အတိုက်အခံအုပ်စုတွေက ဘယ်လိုပဲ ကျယ်ကျယ်လောင်လောင် သပိတ်မှောက်ခဲ့၊ မဲမပေးဘဲ နေခဲ့ကြပေမယ့် စစ်အစိုးရကတော့ မဲမေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ၉၈ ရာခိုင်နှုန်းက မဲပေးခဲ့ကြပြီး၊ အဲဒီထဲက ၉၂ ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့ကြတယ်လို့ မတော်မတရားဘဲ ကြွေးကြော်ခဲ့ပါတယ်။ အဲဒီဆန္ဒခံယူပွဲမတိုင်ခင် ရက်ပိုင်းလေးမှာပဲ မြန်မာပြည်ဟာ နာဂစ်ဆိုင်ကလုန်းဒဏ်ကို အကြီးအကျယ် ခံခဲ့ရပါသေးတယ်။ ဖွဲ့စည်းပုံအသစ်ကြောင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတံခါး ပွင့်သွားခဲ့တယ်လို့ အဲဒီ အချိန်တုန်းက လေ့လာသူ အနည်းငယ်လောက်က မျှော်လင့်ခဲ့ပေမယ့် ရှေ့ကို ဝေးဝေး ရောက်ဖို့ကတော့ အဟန့်အတားတွေ အမြောက်အမြား ရှိနေတာကတော့ အမှန်ပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဂရုတစိုက်လေ့လာကြည့်လိုက်ရင် နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ စစ်တပ်က မျက်နှာသာပေးထားတဲ့ ပါတီက မနိုင်ခဲ့ရင်တောင်မှ နိုင်ငံရေးမှာ စစ်တပ်က ဗီတိုအာဏာကို ဆက်ကိုင်ထားနိုင်တဲ့ အာဏာပိုင်အစိုးရ ပုံစံမျိုးဖြစ်အောင် တမင် ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ထားတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် နိုင်ငံရေးအပြောင်းအလဲတွေကို ဒီမိုကရေစီဆီကို ဦးတည်သွားဖို့ ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မတော်တော်များများကို ပြင်ဆင်ဖို့ လိုအပ်နေပါတယ်။ ဖွဲ့စည်းပုံအသစ်အရ သမ္မတကို ပြည်သူတွေက တိုက်ရိုက်ရွေးချယ်တာ မဟုတ်ပေမယ့် အလွန်အာဏာရှိတဲ့ အဆင့်နေရာမျိုး ပေးထားပါတယ်။ ဥပမာအနေနဲ့ သမ္မတဟာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ အကြီးအကဲဖြစ်သလို၊ ရွေးကောက်ပွဲကော်မရှင်ကိုလည်း သူ့စိတ်ကြိုက်ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းနိုင်တယ် ဆိုတာမျိုးတွေပါ။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီမှာကျတော့လည်း အကယ်၍ သမ္မတက စစ်တပ်ဘက်က အရာရှိကြီးတယောက် မဟုတ်ခဲ့ရင်တောင်မှ တပ်မတော်က အလွန်တရာ အာဏာရှိနေပြန်ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်ဆိုရင်လည်း ၇၅ ရာခိုင်နှုန်းကျော် လိုအပ်နေတာကြောင့် ပါလီမန်ထဲက တပ်မတော်သား ၂၅ ရာခိုင်နှုန်းဆိုတာကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးမှန်သမျှကို ကန့်ကွက်ဖို့ အသင့်ရှိနေပြန်ပါတယ်။ ဒီအချက်တွေကြောင့် မြန်မာပြည်က ဒီမိုကရက်တွေအနေနဲ့ ကြီးမားတဲ့ လုပ်ထုံးလုပ်နည်းပိုင်း အကျပ်အတည်း (structural dilemma) နဲ့ အရေးတကြီး ရင်ဆိုင်နေရပါတယ်။ ဒါဖြင့်ရင် လက်ရှိဖွဲ့စည်းပုံရဲ့ စည်းမျဉ်းစည်းကမ်းဘောင်ထဲမှာ ၀င်ကစားမယ်ဆိုကြပါစို့။ အကယ်၍ နောင်လာမယ့် ရွေးကောက်ပွဲတွေက ၂၀၁၂ ဧပြီလ ကြားဖြတ်လွှတ်တော် ရွေးကောက်ပွဲအတိုင်းပဲ လွတ်လပ်မျှတခဲ့မယ်ပဲ ဆိုကြပါစို့။ လွှတ်တော် ၂ ရပ်စလုံးမှာ ဒီမိုကရက်တွေက အများစု အနိုင်ရသွားနိုင်ပါတယ်။ ဒီလိုဆိုရင် ဒီမိုကရက်တစ်တွေက  (လက်ရှိပုဒ်မတွေအရ ဒေါ်အောင်ဆန်းစုကြည်ကလွဲလို့) သူတို့ စိတ်ကြိုက် သမ္မတတယောက် ကိုလည်း ရွေးတင်နိုင်ပါလိမ့်မယ်။ ဒီအဆင့်မှာလည်း တပ်မတော်သားကိုယ်စားလှယ်တချို့က ဘက်ပြောင်းလာမှပဲ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်တယ်ဆိုတဲ့ လုပ်ထုံးစည်းမျဉ်းတွေကြောင့် အကြီးအကျယ် ချွတ်ယွင်းနေတဲ့ ဒီမိုကရေစီရဲ့ဒဏ်ကို ခံကြရဖို့ ရှိနေပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေကို လွှတ်တော်ထဲမှာ အစားထိုးဖို့ ကိစ္စကို အထက်ကအမိန့်နဲ့ ဆုံးဖြတ်နေတဲ့ စနစ်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေ ဘက်ပြောင်းလာဖို့ဆိုတဲ့ကိစ္စဟာ ဘယ်လိုမှ မဖြစ်နိုင်၊ ခက်ခဲတဲ့ ကိစ္စပါ။ တဖက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ဘဲ ဆက်သွားရင်တော့ မြန်မာပြည်ဟာ စစ်အုပ်ချုပ်ရေးတပိုင်း၊ ဒီမိုကရေစီတပိုင်း ပေါင်းစပ်ထားတဲ့ စနစ်နဲ့ သေချာပေါက် သောင်တင်နေဖို့ ရှိပါတယ်။ ဒီလိုဖြစ်လာရင် သဘာဝအရ ဘယ်လိုမှ ညှိနှိုင်းစေ့စပ်လို့ မရတဲ့ (စစ်အုပ်ချုပ်ရေးနှင့် ဒီမိုကရေစီ) ဘက် ၂ ဘက်ကြားမှာ တင်းမာမှုတွေ၊ အားပြိုင်မှုတွေအပေါ် အခြေခံပြီး မတည်ငြိမ်မှုတွေဆီကို ဦးတည်သွားနိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ စစ်တပ်က ခြယ်လှယ်ထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကို အရေးပေါ်အခြေအနေ ကြေညာနိုင်တဲ့ အခွင့်အာဏာတွေ ပေးထားတဲ့ လက်ရှိအခြေအနေမှာ ဒီမိုကရေစီနည်းလမ်းနဲ့ တက်လာတဲ့ သမ္မတက စစ်တပ် ခံတွင်း မတွေ့နိုင်လောက်တဲ့ အတိုင်းအတာအထိ အရပ်ဘက်အုပ်ချုပ်ရေးရဲ့ အခွင့်အာဏာနဲ့ တရားဥပဒေ စိုးမိုးမှုကို ပုံဖော်တည်ဆောက်ဖို့ ကြိုးစားလာရင် ရွေးကောက်ပွဲစနစ်သစ်ဟာ စစ်အုပ်ချုပ်ရေးရဲ့ နောက်ထပ်စွက်ဖက်မှုတွေကို ခံရဖို့အတွက် ဓားစာခံ ဖြစ်သွားနိုင် ပါသေးတယ်။ ဒါကြောင့် မြန်မာပြည် ဒီမိုကရေစီရှေ့ခရီးဟာ ၂၀၁၅ မတိုင်ခင်မှာ ဖွဲ့စည်းပုံကို ညှိညှိနှိုင်းနှိုင်းနဲ့ ဘယ်လောက်ထိ ပြင်ဆင်နိုင်မလဲဆိုတဲ့ ကိစ္စအပေါ်မှာ လေးလေးနက်နက်မူတည်နေပါတယ်။ နိုင်ငံရေးဆိုင်ရာ စည်းမျဉ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်လို့ ညှိနှိုင်းမှုတွေ အောင်မြင်သွားနိုင်တဲ့ အကြောင်းရင်း ၂ ရပ်ရှိပါတယ်။  ပထမတချက်ကတော့ အစိုးရအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ဂုဏ်သိက္ခာရှိရှိ ကျင်းပနိုင်ဖို့ ဆိုရင် အထူးသဖြင့် အကြီးဆုံး အတိုက်အခံဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် ဒီမိုကရေစီ အင်အားစုတွေကို လိုအပ်နေပါတယ်။ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မှပဲ အစိုးရဘက်က ပုံမှန် ဖွဲ့စည်းပုံအခြေခံ စနစ်ကို ပြောင်းလဲနိုင်လိုက်တယ်လို့ ကြွေးကြော်နိုင်မှာဖြစ်ပြီး၊ ဆက်ရှိနေတဲ့ အမေရိကန်နဲ့ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေလည်း ရုပ်သိမ်းသွားနိုင်လိမ့်မယ်။ နောက်တချက်က အခုဆိုရင် လက်ရှိအစိုးရကိုယ်တိုင်က လက်ရှိ ကျင့်သုံးနေတဲ့ မဲများသူ နိုင်စတမ်း (First-Past-The-Post .. FPTP) ရွေးကောက်ပွဲစနစ်ဟာ အန်အယ်လ်ဒီကိုသာ အကျိုးရှိစေပြီး၊ တခြားပါတီတွေကို အရေးနိမ့်စေလိမ့်မယ် ဆိုတာကို သဘောပေါက်စ ပြုနေပါပြီ၊ (လူနည်းစု တိုင်းရင်းသားပါတီတွေနဲ့ ဒီမိုကရက်တစ်ပါတီငယ်လေးတွေ (အထူးဖြင့် အန်အယ်လ်ဒီက ခွဲထွက်တဲ့ပါတီ) လည်း အလားတူ သဘောပေါက်နေကြပါတယ်။ ပြောရရင် အန်အယ်လ်ဒီ ကိုယ်တိုင်က ၁၉၉၀ တုန်းက ကြုံခဲ့ဖူးတာကို ထောက်ပြီး မဲများသူ နိုင်စတမ်း (FPTP) ရွေးကောက်ပွဲ စနစ်နဲ့ပတ်သက်လို့ စိုးရိမ်စိတ်ထားသင့်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက အလွန်အကျွံအနိုင်ရသွားတဲ့ အကျိုးဆက်ကြောင့် အရာအားလုံး လက်လွှတ် ဆုံးရှုံးခဲ့ရတဲ့ သင်ခန်းစာပါ၊၊ ရွေးကောက်ပွဲ နိုင်တဲ့နှစ်မှာပဲ စစ်တပ်က အတင်းဝင်လာပြီး ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်း၊ အန်အယ်လ်ဒီ ခေါင်းဆောင်တော်တော်များများကို ပြည်ပြေး ဘ၀ရောက်အောင် တွန်းပို့ခဲ့တဲ့ သင်ခန်းစာပါ၊ (ဆောင်းပါးရှင်သည် စတမ်းဖို့ဒ်တက္ကသိုလ် (Stanford Univdrsity) ဒီမိုကရေစီ၊ ဖွံ့ဖြိုးရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန၏ ညွှန်ကြားရေးမှူးဖြစ်ပြီး၊ ဒီမိုကရေစီဂျာနယ် (Journal of Democracy) ၏ တွဲဖက် အယ်ဒီတာလည်း ဖြစ်ပါသည်) ရည်ညွှန်း၊ ၊ The Need For A Political Pact by Larry Diamond (ရှေ့တပတ်အညွန်း - တောင်အာဖရိက အသွင်ကူးပြောင်းရေးသင်ခန်းစာ)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up