ကျောက်တန်းရွာ ပစ်ခတ်မှုစစ်ဆေးနေ၊ ဥပဒေနှင့်မညီပါက ပြင်းပြင်းထန်ထန် အရေးယူမည်
အောင်ဆန်းဦး
·
May 7, 2019
ရခိုင်ပြည်နယ်၊ ကျောက်တန်းကျေးရွာမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၆ ဦးသေဆုံးခဲ့တာနဲ့ ပတ်သက်လို့ သက်ဆိုင်သူတွေကို ဥပဒေနဲ့အညီ စစ်ဆေး နေပြီး ဥပဒေနဲ့ ညီညွတ်ခြင်းမရှိပါက ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ကာကွယ်ရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောပါတယ်။
ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက် လာစဉ် သတင်းမီဒီယာတွေက မေးမြန်းခဲ့တဲ့အတွက် ကာကွယ်ရေးဝန်ကြီးက အခုလို ပြန်လည် ဖြေဆိုခဲ့တာဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်းက “စစ်ဆေးတဲ့နေရာမှာ မှားယွင်းတာများ ရှိသလားဆိုတာကို စစ်ဆေးသွားမှာပါ။ ပြင်းပြင်းထန်ထန် အရေးယူသွားမှာပါ။ ဘယ်လို အရေးယူမလဲ ဆိုတာတော့ ပြောလို့မရသေးဘူး။ စစ်ဆေးဆဲဖြစ်နေတော့ ဥပဒေနဲ့ အညီပဲဖြစ်မှာပါ” လို့ ပြောသည်။
ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာက အသက် ၁၅ နှစ်ကနေ ၅၀ နှစ်အရွယ်ရှိ အမျိုးသား ၂၇၅ ဦးကို တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ် မေလ ၂ ရက် မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ လူ ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မေလ ၃ ရက်က ပြုလုပ်တဲ့ တပ်မတော်ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ စစ်ဆေးခံရသူတွေထဲက တချို့ဟာ လက်နက်တွေဝင်လုခဲ့လို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရတာလို့ ရှင်းလင်းပြောထားပါတယ်။
လက်ရှိအချိန်မှာတော့ တပ်မတော်အနေနဲ့ ဖမ်းဆီးထားသူ ၂၇၀ ကျော်ထဲက အေအေအဖွဲ့နဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ အတည်ပြုနိုင်တဲ့ ကျောက်တန်းရွာသားတချို့ကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်ရှိနေတဲ့သူတွေကိုတော့ ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ပါတယ်။