အမေရိကန်က ဗင်နီဇွဲလားကို စစ်ရေးအရ အရေးယူနိုင်ဟု ရုရှားဝန်ကြီး ပြော

ဓာတ်ပုံ - Reuters
1.4K
အမေရိကန်ဟာ ဗင်နီဇွဲလားကို စစ်ရေးအရ အရေးယူကောင်း ယူနိုင်တယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂီလ် လာ့ဗ်ရော့ဗ်က မေလ ၆ ရက်မှာ သတိပေး ပြောဆိုလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုနဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂီလ် လာ့ဗ်ရော့ဗ်တို့ ဆွေးနွေးခဲ့အပြီး ခုလို ပြောလိုက်တာပါ။
အစည်းအဝေးက အပြုသဘောဆောင်ပြီး အကျိုးရှိတယ်၊ ဝန်ကြီး ၂ ယောက်ဟာ ဗျူဟာမြောက် နျူကလီးယား တည်ငြိမ်ရေး ဆွေးနွေးရာမှာ သိသာတဲ့ တိုးတက်မှု ရခဲ့တယ်လို့ လာ့ဗ်ရော့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်၊ ဥရောပနဲ့ တောင်အမေရိက လုပ်ဖော်ကိုင်ဘက်တွေနဲ့ ထိတွေ့ပြောဆိုမှု အတွင်း ဗင်နီဇွဲလားအရေး အလျင်စလို စစ်ရေးဆုံးဖြတ်မှုကို ထောက်ခံတာ မမြင်ခဲ့ရဘူး၊ ခြုံငုံနားလည်မှုက လက်တွေ့ဆန်ဖို့နဲ့ ကပ်ဆိုက်လာနိုင်တဲ့ စစ်ရေးဆုံးဖြတ်ချက် ရှိမလာဖို့ မျှော်လင့်တယ်လို့ လာ့ဗ်ရော့ဗ်က ပြောပါတယ်။
ဒါ့အပြင် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ နောက်ထပ် တွေ့ဆုံဖို့ အခွင့်အလမ်း ရှိလာမှာ သေချာတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
အမေရိကန်နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဖင်လန်နိုင်ငံမှာ ကျင်းပတဲ့ အာတိတ်ကောင်စီ အစည်းအဝေးရဲ့ ဆက်စပ်ဆွေးနွေးပွဲအတွင်း တွေ့ဆုံခဲ့တာပါ။
အမေရိကန်ဟာ ကျူးဘား၊ အီရန်နဲ့ ရုရှားတို့ကို ရေနံရောင်းချသူများအသင်း အိုပက်ကနေ ထွက်သွားဖို့ လိုလားနေတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို မေလ ၆ ရက်မှာ ပြောပါတယ်။
တရုတ်ဟာ အစိုးရသြဇာကို သုံးပြီး အမျိုးသားလုံခြုံရေး ရည်မှန်းချက်တွေကို ရအောင် ယူနေတယ်လို့ ပြောရင်း အာတိတ်ဒေသအတွင်း တရုတ်ရဲ့ အမူအကျင့်တွေကို ပွန်ပီယိုက ပြစ်တင်ပြောဆိုခဲ့ပါတယ်။