Home
မြန်မာသတင်း
ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ လွိုင်ကော်တွင် ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး
နော်နိုရင်း
·
May 7, 2019
ကယားပြည်နယ်၊ လွိုင်ကော်ပန်းခြံထဲထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီး လွိုင်ကော်မြို့ ကိန္နရာလွိုင်ကော်ဟိုတယ်မှာ ဒီကနေ့ မေလ ၇ ရက် မနက် ၁၀ နာရီမှာ စတင် တွေ့ဆုံ ဆွေးနွေးကြပါတယ်။ ဒီဆွေးနွေးပွဲမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၊  ကယားပြည်နယ်အစိုးရအဖွဲ့၊ ကြေးရုပ်ကန့်ကွက်မှုသပိတ်ကော်မီတီနဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) တို့  ၄ ပွင့်ဆိုင် တက်ရောက်ဆွေးနွေးနေကြတာပါ။ အစည်းအဝေးမှာ မိန့်ခွန်းတွေ ပြောကြားအပြီး ခဏနားနေချိန်မှာတော့ အန်အာပီစီ တာဝန်ရှိသူတွေနေပြည်တော်ကို ပြန်လည် ထွက်ခွာသွားခဲ့ကြပြီး မကြာခင်မှာ ကေအန်ပီပီ ကိုယ်စားလှယ်တွေလည်း ပြန်လည်ထွက်ခွာသွားခဲ့ကြပါတယ်။ ကေအန်ပီပီအနေနဲ့ အန်အာပီစီရဲ့ မေတ္တာ ရပ်ခံမှုကြောင့် ဒီကြေးရုပ်ကိစ္စ ပါဝင်ခဲ့ရတာဖြစ်ပြီး အန်အာပီစီက မပါဝင်တော့ရင်လည်း သူတို့အနေနဲ့ ဆက်လက် ပါဝင်တော့မှာမဟုတ်ကြောင်း ကေအန်ပီပီ အတွင်းရေးမှူး ခူးဦးရယ်က ပြောပါတယ်။ “ကေအန်ပီပီ ခေါင်းဆောင် ကိုယ်စားလှယ် ၄ ယောက်ကတော့ ဒီကနေ့ ပြုလုပ်တဲ့ ၄ ပွင့်ဆိုင် ကြေးရုပ်ကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ နိုင်ငံတော် အတိုင်ပင်ခံ ၀န်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ကျနော်တို့ကို ဖိတ်ခေါ်လို့ ကျနော်တို့ တက်ရောက်တာပေါ့နော်။ ကျနော်တို့ကတော့ မူလကတည်းကလည်း ပါဝင် ပတ်သက်ခြင်းမရှိဘူးပေါ့။ အဲဒါကြောင့် ကျနော်တို့လူငယ်တွေ မေတ္တာရပ်ခံလို့သာ ကျနော်တို့ တရားဝင်တွေ့ရတဲ့ဟာမျိုးတွေတော့ ပြည်နယ်အဆင့်မှာ ကျနော်တို့ လုပ်ခဲ့တာတွေ ရှိပါတယ်။ အခုက အစည်းအဝေးက နှစ်ကြိမ်ရှိပြီပေါ့နော်။ ကျနော်တို့ ပါဝင်တဲ့အခန်းကဏ္ဍကတော့ ရှင်းရှင်းပြောရရင် နိုင်ငံတော်အတိုင်ပင်ခံဝန်ကြီးဌာနက ညွန်ကြားရေးမှူးချုပ် မေတ္တာရပ်ခံချက်နဲ့ ကျနော်တို့ ၀င်ရောက်ပြီးတော့ ၀န်းရံပေးတဲ့သဘောပေါ့နော်။” ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စ အကောင်းဆုံးဖြစ်ဖို့ မျှော်လင့်တဲ့အကြောင်း အားလုံးပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းစေလိုပြီး ရလဒ်ကောင်းရနိုင်ပါစေလို့ ဆန္ဒပြုပါတယ်လို့လည်း ခူးဦးရယ်က ပြောပါတယ်။ လက်ရှိမှာတော့ ကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့နဲ့ ကြေးရုပ်ကန့်ကွက်မှု သပိတ်ကော်မီတီတို့ နှစ်ဖွဲ့ ဆက်လက်ဆွေးနွေးနေကြပါတယ်။ ဒီဆွေးနွေးပွဲမှာ အသိသက်သေတွေအနေနဲ့ ဒေသခံတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ တခြားလက်နက်ကိုင်ငြိမ်းချမ်းအဖွဲ့အစည်းတွေလည်း ပါဝင် တက်ရောက်ခဲ့ပါတယ်။ အပြင်မှာလည်း သပိတ်လူငယ်ကော်မီတီကို ၀န်းရံတဲ့အနေနဲ့ ဒေသအသီးသီးက လူငယ်တွေလည်း လာရောက်အားပေးခဲ့ကြပါတယ်။ လွိုင်ကော်ပန်းခြံမှာထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို မတ်လ ၁၇ ရက် နောက်ဆုံးထား ရွှေ့ပြောင်းပေးဖို့နဲ့ ဒီကိစ္စကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုနဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့ကတာဝန်ယူ ဖြေရှင်းပေးဖို့ ကရင်နီလူငယ်တွေက မတ်လ ၁၂ ရက်က ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။ ဒီနောက်မှာတော့ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ ပတ်သက်ပြီး အခုလို အဖွဲ့ပေါင်းစုံပါဝင်တဲ့ ငါးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၂၀ ရက်မှာ ပြုလုပ်ခဲ့ပြီး ပြေလည်မှု မရရှိတဲ့အတွက် နောက်တကြိမ် ၄ ပွင့်ဆိုင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဧပြီလ မကုန်ခင်ဆွေးနွေးဖို့ဆုံးဖြတ်ခဲ့ပေမယ့် အခြေအနေ အရပ်ရပ်ကြောင့် ၄ ပွင့်ဆိုင်ဆွေးနွေးပွဲကို  ဒီကနေ့မှသာ ဆွေးနွေးဖြစ်ခဲ့ကြတာပါ။ လက်ရှိ ဆွေးနွေးပွဲမှာ နောက်ဆုံးရရှိတဲ့ အချက်အလက်တွေအရ ပြည်နယ်အစိုးရအနေနဲ့ ကြေးရုပ်တုကို နေရာရွှေ့ပေးမှာ မဟုတ်ကြောင်း သဘောထားပေးပြီး မွန်းလွဲပိုင်းဆွေးနွေးပွဲမှာတော့ လူငယ်တွေဘက်က သဘောထားပြန်ပေးကြမှာ ဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024