ဝါရင့် ဟောလိဝုဒ်သရုပ်ဆောင် မင်းသမီးကြီးများသာ ခေါင်းဆောင်ပါဝင်သည့် ဟာသရုပ်ရှင်- Poms (နမူနာ)

ဝါရင့် ဟောလိဝုဒ်သရုပ်ဆောင် မင်းသမီးကြီးတွေချည်း ခေါင်းဆောင်ပါဝင်ထားတဲ့ ပေါ့ပေါ့ပါးပါး Hollywood Dance Comedy အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Poms ရုပ်ရှင်ကို လာမယ့် မေလ ၁၀ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဗြိတိန် အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Zara Hayes က ရိုက်ကူး ပုံဖော်ပေးထားတာဖြစ်ပြီး STX Entertainment က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ အသက်အရွယ် ကြီးသွားပေမယ့် စိတ်ဆန္ဒ ပြင်းပြတယ်ဆိုရင် ကိုယ်လုပ်ချင်တဲ့အရာတွေ၊ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ နောက်မကျသေးဘူး ဆိုတာကို ဟာသဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ မီးမောင်းထိုး ပြထားခဲ့တာ ဖြစ်ပါတယ်။ အငြိမ်းစား အသက်အရွယ်ကြီးတဲ့ အမျိုးသမီးတွေရဲ့ အဖွဲ့ထဲကို Martha ဆိုတဲ့ အမျိုးသမီးတယောက် ရောက်လာခဲ့ချိန်ကစပြီး ပြောင်းလဲမှု စတင်ခဲ့တာပါ။ အဲဒီနောက်တော့ သူတို့ဟာ Cheerleader အဖွဲ့ ဖွဲ့မယ်ဆိုပြီး အသက်ကြီးကြီး အမျိုးသမီးကြီးတွေချည်း စုစည်းမိချိန်မှာတော့ ဒါဟာ တကယ်ဖြစ်လာမလား။ ဖြစ်မလာနိုင်ဘူးလို့ ထင်ထားကြသူတွေကြား ဘယ်လိုအခြေအနေတွေနဲ့ ရင်ဆိုင်ကြရမလဲ ဆိုတာတွေကို ပေါ့ပေါ့ပါးပါး ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ရွှေကမ္ဘာလုံးဆု အပါအဝင် တခြားအကယ်ဒမီဆုတွေ အများကြီး ရရှိခဲ့တဲ့ ဟောလိဝုဒ် နာမည်ကြီး သရုပ်ဆောင်မင်းသမီးကြီး Diane Keaton နဲ့အတူ တခြား သရုပ်ဆောင်မင်းသမီးတွေ ဖြစ်ကြတဲ့ Jacki Weaver၊ Pam Grier၊ Celia Weston စတဲ့ သရုပ်ဆောင်တွေက အတွဲညီညီ ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို ချီးကျူးမှုတွေလည်း ရရှိထားပြီး ဝေဖန်ရေးဆရာတွေကတော့ ဒါဟာ ဟောလိဝုဒ် ရုပ်ရှင်တွေထဲမှာ သက်ကြီးပိုင်း အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကားတွေလည်း ထွက်လာစေဖို့ တွန်းအားပေးနေတာလို့ ပြောဆိုကြပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။

More News
Up