သရုပ်ဆောင် မိုးအောင်ရင် သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်

3.8K
မူးယစ်ဆေးဝါးမှုနဲ့ နှစ်ရှည် ထောင်ဒဏ်ကျခံနေရတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်မိုးအောင်ရင်ဟာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီနေ့ မေလ ၇ ရက်နေ့မှာ အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာပါတယ်။
သရုပ်ဆောင် မိုးအောင်ရင်ရဲ့ဖခင် အဆိုတော်အောင်ရင်ကတော့ “ကျနော်တို့မိသားစုရဲ့ အိပ်မက်ဆိုးကြီးကနေ ဒီနေ့ လွတ်မြောက်ပါပြီခင်ဗျာ၊ လွတ်မြောက်ခွင့် ရရှိဖို့အတွက် သမ္မတကြီးနဲ့တကွ တာဝန်ရှိသူ လူကြီးမင်းများအားလုံး၊ စိတ်ပူပြီး ဆုတောင်းမေတ္တာ ပို့သပေးကြသူများအားလုံး၊ ကိုယ်ချင်းစာတရားအပြည့်နဲ့ ကျနော်တို့မိသားစုကို စောင့်ရှောက် ဖေးမကူညီကြသူများအားလုံးကိုရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
၂ဝ၁၆ ခုနှစ် သြဂုတ် ၂၉ ရက်က မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ်ရှိ သူ့ ရည်းစား နေအိမ်မှာ ရဲတပ်ဖွဲ့ကသွားရောက် ဖမ်းဆီးခဲ့ရာမှာ အိုက်စ်မူးယစ်ဆေးဝါး ၁ ဂရမ်နဲ့ အတူ ဖမ်းမိခဲ့တာပါ။
ဒီနောက် ပုဇွန်တောင်မြို့နယ်တရားရုံးကနေ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၅ နဲ့ ထောင်ဒဏ် ၃ နှစ်၊ ပုဒ်မ ၁၆(ဂ)နဲ့ ထောင်ဒဏ် ၅ နှစ် တပေါင်းတည်း ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပြီး အရှေ့ပိုင်းခရိုင်တရားရုံးကလည်း မူးယစ်ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)နဲ့ ထောင်ဒဏ် ၁၂ နှစ် ထပ်မံချမှတ်ခဲ့ပါတယ်။