ကျောက်တန်းကျေးရွာသား ၄၈ ဦး ထပ်မံလွတ်မြောက်လာ

တပ်မတော်က ထိန်းသိမ်းစစ်ဆေးနေတဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသား ၄၈ ဦး ဒီကနေ့ မေ ၆ ရက် နေ့လယ်ပိုင်းက ပြန်လွတ် မြောက်လာပါတယ်။
ပြန်လွတ်လာတဲ့ ရွာသားတဦးရဲ့ မိသားစုဝင်တဦးက "ဒီနေ့ ၄၈ ဦး လွှတ်ပေးပါတယ်။ ကျန်တဲ့သူတွေကိုလည်း မနက်ဖြန် မနက်လောက် လွှတ်ပေးမယ်လို့တော့ သိရပါတယ်။ အတိအကျတော့ မပြောတတ်သေးပါဘူး" လို့ပြောပါတယ်။
ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာမှ ကျေးရွာသား ၂၇၅ ဦးကို တပ်မတော်က ဧပြီ ၃၀ နေ့မှာ ဖမ်းဆီးစစ်ဆေးနေစဉ် မေ ၂ ရက်မနက် အစောပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ထိန်းသိမ်းစစ်ဆေးနေတဲ့ထဲက ကျောက်တန်းကျေးရွာသား ၁၂၆ ဦးကိုတော့ မေ ၃ ရက်မနက်က ပြန်လွှတ်ခဲ့ပြီး ကျန်ရှိနေတဲ့ ၁၃၁ ဦးကို စုံစမ်းစစ်ရေးဖွဲ့ စစ်ဆေးနေရာက ဒီနေ့ ၄၈ ဦးကို တပ်မတော်က ထပ်မံလွှတ်ပေးလိုက်တာပါ။
ကျောက်တန်းကျေးရွာမှာလက်ရှိအချိန် သောက်ဆုံးရေနဲ့ စားသောက်ကုန်တွေ ပြတ်လပ်နေတယ်လို့ ကျေးရွာသားတချို့ကပြောပါတယ်။
“ဆန်ကတော့ လုံလောက်ပါတယ်။ လယ်သမားတွေဆိုတော့ ၀မ်းစာဆန်တွေရှိပါတယ်။ အဓိကလိုအပ်နေတာက သောက်ရေ/သုံးရေပါ။ ရွာကို တပ်က၀ိုင်းထားတယ်ဆိုတော့ ရေခပ်ဖို့ အသွားအလာတွေတောင်လုပ်ဖို့ ကြောက်လန့်နေရတာပါ။ နောက် စားကုန်သောက်ကုန်တွေ ပြတ်လပ်နေတာပါ။ ၇ ရက်လောက်ရှိပါပြီ ရွာပြင်ကိုအထွက်အ၀င်မလုပ်နိုင်တာ စားကုန် သောက်ကုန်တွေကတော့ မရှိတော့ပါ"လို့ ရွာသားတဦးကပြောပါတယ်။
မေလ ၅ ရက်က ကျောက်တန်းသို့ သွားရောက်ခဲ့ကြတဲ့ စည်းကမ်းထိန်းသိမ်းရေး ရဟန်းတော်များ (စစ်တွေ)မှ ဆရာတော်ကြီးတွေက ကျောက်တန်းကျေးရွာအတွက် လိုအပ်နေတဲ့ ရိက္ခာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး ပို့ဆောင်ဖို့စီစဉ်နေပါတယ်။
ရသေ့တောင်မြို့နယ် ကျောက်တန်းကျးရွာမှာ အိမ်ခြေ ၅၀၀၊ လူ ၂၀၀၀ ကျော်ခန့်နေထိုင်တဲ့ ကျေးရွာတရွာလည်း ဖြစ်ပါတယ်။
ဗညား