လီဗာပူးရမှတ် မန်ယူအကောင်းဆုံးအချိန် ရမှတ်ထက် ပိုများ
လီဗာပူးအသင်းဟာ အခုနှစ် ပရီးမီးယားလိဂ်မှာ ရမှတ် ၉၄ မှတ် ရရှိထားလို့ မန်ယူအသင်းရဲ့ အကောင်းဆုံး အချိန်တွေထက် ပိုကောင်းတဲ့ ရလဒ်တခု ပိုင်ဆိုင်သွားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်လို့ အမည်ပြောင်းပြီး နောက်ပိုင်း ချန်ပီယံ ၁၃ ကြိမ်အထိ ရယူနိုင်ခဲ့ပေမယ့် အများဆုံးရမှတ် ၉၁ မှတ်ပဲ ရှိခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ ပရီးမီးယားလိဂ် သမိုင်းတလျှောက် အမှတ်အများဆုံးအဖြစ် ၁၉၉၉-၂၀၀၀ ဘောလုံးရာသီက ၉၁ မှတ် ရရှိခဲ့ပြီး ချန်ပီယံဆုဖလား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းအနေနဲ့ လက်ကျန်တပွဲအလိုမှာ ရမှတ် ၉၄ မှတ် ရရှိထားပေမယ့်လည်း ချန်ပီယံဆုဖလား ရယူဖို့ မသေချာသေးတဲ့ အနေအထား ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် သမိုင်းတလျှောက်မှာ မန်စီးတီးအသင်းက ပြီးခဲ့တဲ့ရာသီက ရမှတ် ၁၀၀ ရယူနိုင်ခဲ့တဲ့ ပထမဆုံးအသင်းဖြစ်ပြီး ချဲလ်ဆီးက ၂၀၀၄-၂၀၀၅ ဘောလုံးရာသီမှာ ၉၅ မှတ်နဲ့ ဒုတိယ အမှတ်အများဆုံး ရယူနိုင်ခဲ့တဲ့ အသင်းအဖြစ် စံချိန်တင်ထားပါတယ်။