ကွင်းလယ်လူ ရမ်ဆေးအတွက် အာဆင်နယ် နှုတ်ဆက်ပွဲကျင်းပ

1.3K
အာဆင်နယ်အသင်းဟာ အိမ်ကွင်းနောက်ဆုံးပွဲစဉ်မှာ ဂျူဗင်တပ်အသင်းဆီ ပြောင်းရွှေ့မယ့် ကွင်းလယ်ကစားသမား ရမ်ဆေးရဲ့ နှုတ်ဆက်ပွဲကို ကျင်းပခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရတဲ့ အိမ်ကွင်း နောက်ဆုံးပွဲစဉ် မစခင် ကစားသမားတွေအားလုံးက ရမ်ဆေးကို ကွင်းထဲဖိတ်ခေါ်ခဲ့ပါတယ်။
အဲဒီနောက် အသင်းတာဝန်ရှိသူတဦးက အမှတ်တရ လက်ဆောင်တခု ပေးအပ်တာကို ရမ်ဆေးက လက်ခံရယူခဲ့ပါတယ်။
ပရိသတ်တွေကလည်း လက်ခုပ်တီး အားပေးကာ ရမ်ဆေးကို ဂုဏ်ပြုခဲ့ကြပြီး ရမ်ဆေးကတော့ မျက်ရည်ကျတဲ့အထိ ဖြစ်ခဲ့လို့ ဂိုးသမား ပီတာချက်က နှစ်သိမ့်ပေးခဲ့ရပါတယ်။
ဝေးလ်ကွင်းလယ်ကစားသမား ရမ်ဆေးဟာ သူ့အသက် ၁၇ နှစ်အရွယ်ကတည်းက အာဆင်နယ်အသင်းကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။
ရမ်ဆေးဟာ အခုနှစ်ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီ ဖြစ်တာကြောင့် လာမယ့်နှစ်မှာ ဂျူဗင်တပ်အသင်းဆီ ပြောင်းရွှေ့ကစားမှာ ဖြစ်ပါတယ်။
အသင်းနဲ့အတူ ၁၁ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ အချိန်အတွင်းမှာ အပြောင်းအလဲ များစွာရှိခဲ့ပြီး အမှတ်တရတွေလည်း များပြားတာကြောင့် မျက်ရည်ကျခဲ့ရတာလို့ ရမ်ဆေးက ဆိုပါတယ်။
ဒါ့အပြင် ဂျူဗင်တပ်အသင်းမှာ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ရမယ့် အပေါ်မှာလည်း စိတ်လှုပ်ရှားမိတယ်လို့ ပြောကြားသွားပါတယ်။