A d v e r t i s e m e n t With Us

ရမည်းသင်းတွင် အပူရှောင်စခန်း ၂ ခုဖွင့်လှစ်

မန္တလေးတိုင်း၊ ရမည်းသင်းမြို့မှာ အပူဒဏ်ခံစားနေရတဲ့ ဒေသခံတွေ ခိုလှုံနိုင်ဖို့အတွက်  အပူရှောင်စခန်း ၂ ခုဖွင့်ထားတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ရမည်းသင်းမြို့နယ် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးနဲ့ ရန်အောင်မြင် သာသနာ့ဗိမာန်တို့မှာ ဖွင့်လှစ်ထားတဲ့ အပူရှောင်စခန်းတွေကို နေ့စဉ် မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားပြီး ဘယ်သူမဆို ဝင်ရောက်နားနေနိုင်သလို ဓာတ်ဆားထုပ်တွေလည်း ဖြန့်ဝေပေးနေပါတယ်။ ခုအချိန်ဟာ အပူချိန်မြင့်မားတဲ့ရာသီဖြစ်လို့ အများပြည်သူတွေ အပူဒဏ် အန္တရာယ်ကြောင့် မလိုလားအပ်တဲ့ အကျိုးဆက်တွေ မခံစားစေရဖို့ မန္တလေးတိုင်းကုသရေးနဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရဲ့ လမ်းညွှန်မှုနဲ့ ဖွင့်ထားတာဖြစ်ပါတယ်။ အပူရှောင်စခန်းတွေမှာ ကျန်းမာရေးဝန်ထမ်းတွေကို တာဝန်ချထားပေးပြီး ကျန်းမာရေး ဆေးပေးခန်း ဖွင့်လှစ်ကုသပေးတာ၊ အပူဒဏ်အန္တရာယ်နဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမယ့် အချက်တွေ၊ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို ပညာပေးတာတွေ လည်း လုပ်နေပါတယ်။ အပူဒဏ်ကို ပြင်းထန်စွာခံစားနေရတဲ့ မကွေးတိုင်းဒေသကြီး ချောက်မြို့မှာလည်း အပူရှောင် စခန်းတွေ ဧပြီ ၂၃ ရက်က  စတင်ဖွင့်လှစ်ထားပါတယ်။ ဓာတ်ပုံ-MOHS

A d v e r t i s e m e n t With Us

More News
Up