ရုရှား ခရီးသည်တင်လေယာဉ် ပေါက်ကွဲမီးလောင်၊ ကလေး ၂ ဦးအပါအဝင် ၄၁ ဦးသေဆုံး (ရုပ်သံ)

ရုရှားနိုင်ငံရဲ့ အကြီးဆုံးလေကြောင်းလိုင်း အဲရိုဖလုတ်က ခရီးသည်တင် လေယာဉ်တစီးဟာ မေလ ၅ ရက်က လေထဲမှာ မီးလောင်အပြီး မော်စကိုမြို့တော်က လေဆိပ်ကို အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။ ဒါကြောင့် ကလေး ၂ ယောက် အပါအဝင် လူ ၄၁ ယောက် သေဆုံးတယ်လို့ ရုရှား စုံစမ်းစစ်ဆေးသူတွေကို ကိုးကားပြီး မီဒီယာတွေက ဖော်ပြကြပါတယ်။ ဆူခွိုင် စူပါဂျက် ၁၀၀ လေယာဉ်ဟာ မော်စကိုမြို့တော်က လေဆိပ်ကို ခုန်ပေါက် ဆင်းသက်လာအပြီး လေယာဉ်နောက်ပိုင်း ပေါက်ကွဲမီးလောင်ခဲ့ပါတယ်။ မော်စကိုမြို့တော်ကနေ ရုရှားမြောက်ပိုင်း မာမန့်ခ်စ်မြို့ကို ပျံသန်းတဲ့ SU 1492 လေကြောင်းခရီးစဉ်ရဲ့ လေယာဉ်ပေါ်မှာ ခရီးသည် ၇၃ ယောက်နဲ့ ဝန်ထမ်း ၅ ယောက် တင်ဆောင်ထားခဲ့တာပါ။ ခရီးသည် ၃၇ ယောက်ဟာ အရေးပေါ် လျှောစင်တွေကနေ လျှောဆင်း လွတ်မြောက်ခဲ့ကြတယ်လို့ ရုရှား လေကြောင်းစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ လေယာဉ် အခုလို ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ တရားဝင်ပြောတာ မရှိသေးပါဘူး။ လေယာဉ်မှူးတွေက လေကြောင်းဘေးကင်းရေး စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့လားဆိုတာ စစ်ဆေးနေတယ်၊ စုံစမ်းစစ်ဆေးဖို့ အမှုဖွင့်ထားတယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မတီက ပြောပါတယ်။ ခရီးသည်တချို့ကတော့ ဆိုးရွားတဲ့ ရာသီဥတုနဲ့ လျှပ်စီးလက်တာတွေကို အပြစ်ပြောခဲ့ကြပါတယ်။ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဝန်ကြီးချုပ် ဒမစ်ထရီ မက်ဗီဒက်ဗ်တို့က ဒီဖြစ်ရပ်ကြောင့် ထိခိုက်ခဲ့သူတွေကို စာနာကြောင်း ပြောခဲ့ကြပြီး စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up