Homeမြန်မာသတင်း
မိုင်းဆတ်-တာချီလိတ်လမ်းပေါ် ယောင်ခဂိတ်တွင် လမ်းအသုံးပြုခ ကောက်ခံမှုရပ်ဆိုင်း
မိုင်းဆတ်-တာချီလိတ်လမ်းပေါ် ယောင်ခဂိတ်တွင် လမ်းအသုံးပြုခ ကောက်ခံမှုရပ်ဆိုင်း
DVB
·
May 6, 2019
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နဲ့ တာချီလိတ်မြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်ရှိ ယောင်ခဂိတ်မှာ ‘ဝ’အထူးဒေသ(၂)က မော်တော်ယာဉ်တွေထံမှ လမ်းအသုံးပြုခ အခွန်ကောက်ခံတာကို မေလ ၁ ရက်ကစပြီး ရပ်ဆိုင်းလိုက်ပါတယ်။
မိုင်းဆတ်/တာချီလိတ် ကားလမ်းအရှည် ၆၀ မိုင် ၄ ဖာလုံကို ဒေသခံပြည်သူတွေရဲ့ တောင်းဆိုချက်အရ ‘ဝ’အထူးဒေသ(၂)က ၂၀၁၈ နိုဝင်ဘာလ ၃၀ ရက်မှာ ရှမ်းပြည်နယ် အစိုးရထံ ပြည်သူ့အတွက် လက်ဆောင်ဟုဆိုကာ ပြန်လည်လွှဲပြောင်းခဲ့ပါတယ်။
ဒါပေမယ့်လည်း လမ်းအသုံးပြုခကောက်ခံတာကို လမ်းစတင်ပြုပြင်ချိန်မှသာ ရပ်ဆိုင်းပေးမှာ ဖြစ်ကြောင်း သဘောတူညီိခဲ့တာဖြစ်ပါတယ်။
ခရိုင်အင်ဂျင်နီယာမှူး ဦးမျိုးဇာနည်ဦးက “ဒေသခံယာဉ်မောင်းတွေက လမ်းပိုင်း ပျက်စီးမှုများပြားလာပြီး သွားလာရေး ခက်ခဲလာတာအပြင် လမ်းအသုံးပြုခကောက်ခံပြီး လမ်းပြုပြင်ပေးမှု မရှိတာကြောင့် လွှတ်တော် ကိုယ်စားလှယ်တွေကတဆင့် တင်ပြခဲ့ကြ တာကြောင့် အထူးဒေသ(၂) တာဝန်ရှိသူတွေနဲ့ မိုင်းဆတ်ခရိုင် အုပ်ချုပ်ရေးအဖွဲ့တွေ တွေ့ဆုံညှိနှိုင်းပြီးလမ်းပိုင်းကို ပြန်လည်လွှဲပြောင်းပေးခဲ့တာကြောင့် လမ်းညှိတာနဲ့ လမ်းချဲ့တာတွေ စတင်လုပ်ဆောင်နေပြီ”လို့ ပြောပါတယ်။
ဒီလမ်းဟာ မိုင် ၆၀ ကျော်ရှည်လျားတဲ့ တောင်ပေါ်လမ်းဖြစ်တာကြောင့် နှစ်စဉ် လမ်းပြုပြင် ထိန်းသိမ်းနိုင်ဖို့ မိုင်းထလန်းကျေးရွာအုပ်စု၊ မိုင်းကန်းကျေးရွာအနီး ယောင်ခတောင်ထိပ်မှာ မောင်းတံဂိတ်ပြုလုပ်ကာ ဆိုင်ကယ်တစီးကို ထိုင်းဘတ်ငွေ ၂၀၊ ကားငယ်တစီးကို ထိုင်းဘတ်ငွေ ၁၀၀၊ ကားကြီးတစီးကို ထိုင်းဘတ်ငွေ ၁၀၀၀ စီ အသွား/အပြန်ကောက်ခံနေခဲ့တာဖြစ်ပါတယ်။
အဆိုပါလမ်းကို ၁၉၉၈ ခုနှစ်က ‘ဝ’အထူးဒေသ (၂)ဟုန်ပန်းကုမ္ပဏီက တာဝန်ယူ ဖောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။
သတင်း- အောင်ဇေယျ