မူးယစ်မှုဖြင့် သိမ်းထားသည့်ကားနောက်ခန်းမှ ကလေးငယ် ၂ ဦးအလောင်းတွေ့ရှိ

3.5K
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် (၂) နယ်မြေရဲစခန်းရှေ့မှာ မူးယစ်မှုနဲ့ သိမ်းဆည်းထားတဲ့ ကားတစီးရဲ့နောက်ခန်းအတွင်းက ပုပ်ပွသေဆုံးနေတဲ့ မိန်းကလေးငယ် ၂ ဦးရဲ့ အလောင်းကို ဒီနေ့ မနက်ပိုင်းက တွေ့ရှိပါတယ်။
“ကျနော်က အလုပ်သမားလေးတွေကို စခန်းရှေ့မှာမြောင်းတွေ ဖော်ခိုင်းထားတာ၊ သူတို့လေးတွေ မြောင်းဖော်နေရင်းက အဲ့အလောင်းတွေ့တဲ့ ကားနားအရောက်မှာ အပုပ်နံ့ အရမ်းနံနေလို့ ဆက်မဖော်နိုင်ဘဲ ကျနော့်ကို လာပြောတယ်။ ကျနော်လိုက်လာပြီး ကြည့်တော့ ဟုတ်တယ်ဗျ၊ အနံ့ကလည်း မခံနိုင်အောင် ထွက်နေတာ၊ အဲ့ကားထဲကလည်း ယင်ကောင်တွေ ထွက်လာတာတွေ့တော့ စခန်းထဲကတာဝန်မှူး ဒုရဲအုပ်ယုမောင်မောင်ကို သွားအကြောင်းကြား ပြီးကြည့်တော့မှ သေဆုံးနေတဲ့ အလောင်းနှစ်လောင်းကို တွေ့ရတာ” လို့ အလောင်းတွေ တွေ့ရှိတဲ့ (၁၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝမ်ကျင်က ပြောပါတယ်။
သေဆုံးနေတဲ့ အလောင်းနှစ်လောင်းမှာ အသက် ၅ နှစ်နဲ့ ၆ နှစ်လောက်ရှိ မိန်းကလေးငယ် နှစ်ဦးဖြစ်ပြီး ပြင်ပဒဏ်ရာတစုံတရာမတွေ့ရှိရဘဲ အနီးအနားမှာလည်း အော့အန်ထားတာကို တွေ့ရကြောင်း၊ ကားနောက်ခန်းအတွင်း အသက်ရှူမွန်းကြပ်ပြီး သေဆုံးသွားတာ ဖြစ်နိုင်တယ်လို့ ယူဆရကြောင်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။
“ကျနော်သမီးက ၂ ရက်နေ့ထဲက ပျောက်နေတာ၊ ဒီနေ့ မနက်မှ သူနဲ့အတူ သွားလာနေတဲ့ သူ့သူငယ်ချင်းရဲ့အမေက လာပြောတော့မှ သေဆုံးနေမှန်းသိရတာ၊ သူနဲ့အတူ သေဆုံးနေတာက မင်းကြီးညို ရုပ်တုမှာနေတဲ့ ကိုအေးသိန်းရဲ့သမီး မအိဖြူဝင်းဖြစ်တယ်” လို့ သေဆုံးသူ မယမင်းစိုး ရဲ့ဖခင်ဖြစ်သူ ကိုဝင်းနိုင်က ပြောပါတယ်။
အခုလို မိန်းကလေးငယ်နှစ်ဦး သေဆုံးတာနဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနိုင်ဖို့ အမှတ် ၂ နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၉) ဖွင့်လှစ်ထားရှိပြီး ရင်ခွဲစစ်ဆေးနိုင်ဖို့ တောင်ငူဆေးရုံကြီး ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - သားကြီး(တောင်ငူ)