ကွန်ဂိုနိုင်ငံတွင် အီဘိုလာရောဂါကြောင့် သေဆုံးသူ ၉၉၄ ဦးရှိပြီ

1.1K
ကွန်ဂိုနိုင်ငံမှာ အီဘိုလာရောဂါကြောင့် သေဆုံးသူ ၉၉၄ ယောက်ရှိလာပြီး နာရီပိုင်းအတွင်း လူအယောက် ၁၀၀၀ ကျော်အထိ မြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေလ ၃ ရက်က ပြောပါတယ်။
ကွန်ဂိုနိုင်ငံမှာ၂၀၁၈ သြဂုတ်လကတည်းက အီဘိုလာရောဂါ စတင်ပြန့်ပွားနေတာပါ။ လက်ရှိမှာ Johnson & Johnson ဆေးဝါးကုမ္ပဏီက ထုတ်လုပ်တဲ့ အီဘိုလာ ကာကွယ်ဆေးအသစ်ကို ဖြန့်ဝေဖို့ WHO က စီစဉ်နေပါတယ်။
ကွန်ဂိုနိုင်ငံတွင်း ပဋိပက္ခတွေ၊ တိုက်ခိုက်မှုတွေကြောင့် အီဘိုလာရောဂါ တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေ နှောင့်နှေးနေရတယ်လို့ WHO အဖွဲ့ရဲ့ အရေးပေါ် ကျန်းမာရေး ပရိုဂရမ်ဆိုင်ရာ အလုပ်အမှုဆောင် ဒေါက်တာ မိုက်ကယ် ရိုင်ယန်က ပြောပါတယ်။
လက်ရှိ ကွန်ဂိုနိုင်ငံရဲ့ ပြည်နယ်နှစ်ခုမှာ အီဘိုလာရောဂါ ဖြစ်ပွားနေပေမယ့် ပဋိပက္ခတွေကြောင့် ရောဂါကူးစက်ပြန့်ပွားမှုကို အနီးကပ်စောင့်ကြည့်ဖို့ ခက်ခဲနေပါတယ်။
အီဘိုလာရောဂါ ဖြစ်ပွားမှုဟာ တကမ္ဘာလုံးထိ ကူးစက်ပြန့်ပွားဖို့ အလားအလာ နည်းပေမယ့် ကွန်ဂိုရဲ့ အိမ်နီးချင်းနိုင်ငံတွေကိုတော့ ကူးစက်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့ WHO အဖွဲ့က ပြောပါတယ်။