ပူပြင်းရာသီ မီးဘေးကင်းစင်ရေး နေ့စဉ်သတိပေးနှိုးဆော်နေဟု ကလေးခရိုင် မီးသတ်ပြော
DVB
·
May 5, 2019
အပူချိန်မြင့်မားကာလတွေမှာ မီးဘေးအန္တရာယ် ကင်းရှင်းစေရေး ကလေးခရိုင် မီးသတ်တပ်ဖွဲ့အနေနဲ့ နေအိမ်တွေနဲ့ လုပ်ငန်းဌာနတွေ စက်သုံးဆီအရောင်းဆိုင်တွေကို မကြာခဏ စစ်ဆေးမှုတွေအပြင် နေ့စဉ်မီးသတ်ယာဉ်နဲ့ လှည့်လည်နှိုးဆော်မှုတွေ ပြုလုပ်နေတယ်လို့ ခရိုင်မီးသတ်တပ်ဖွဲ့ ဒုဦးစီးမှူး မျိုးမင်းကျော်က ပြောပါတယ်။
မေလ ၅ ရက်နေ့ ကျရောက်တဲ့ ၇၃ ကြိမ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားမှာ ဒုဦးစီးမှူးက ပြောကြားခဲ့တာပါ။
ကလေးမြို့မှာ ၂၀၁၉ ခုနှစ် ပထမ လေးလအတွင်း မီးလောင်ကျွမ်းမှု ၅ မှုအထိ ရှိခဲ့ပြီး ဒီ ပမာဏဟာ ယခင်နှစ်တွေထက် အကြိမ်ရေ မလျော့နည်းကြောင်း၊ ပူပြင်းရာသီအတွက် မီးလောင်ကျွမ်းပါက ကူးစက်လောင်ကျွမ်းမှု လွယ်ကူတာ၊ ငြိမ်းသတ်နိုင်ရ ခက်ခဲတာကြောင့် လျှပ်စစ်မီးသုံးရာမှာလည်း လူမရှိချိန် မိန်းချထားဖို့ လိုအပ်ကြောင်း၊ မီးဖိုတွေမှာလည်း မီးအကျန်မရှိ ငြှိမ်းသတ်ဖို့ လိုအပ်ကြောင်းလည်း ဆက်ပြောပါတယ်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့မှာ ထူးချွန်မီးသတ်တပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုလက်မှတ် ပေးအပ်တာနဲ့ မီးသတ် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အသုံးပြုတဲ့ သံဖြတ်စက်၊ ဝန်ချီစက်၊ လေအိတ်(ချိုင့်) ကျောလွယ် မီးသတ်စက် ကိရိယာအသစ်တွေ အသုံးပြုကိုလည်း အရန်မီးသတ် တပ်ဖွဲ့ဝင်တွေကို သရုပ်ပြ သင်တန်းပေးခဲ့ပါတယ်။
မင်းရဲစစ်နိုင်