တူရကီတွင် ရွှေ့ပြောင်းလာသူများတင်လာသည့် လှေတိမ်းမှောက်၊ ၉ ဦးသေ

1K
တူရကီကမ်းရိုးတန်း အနောက်မြောက်ပိုင်းမှာ မေလ ၃ ရက်က ရွှေ့ပြောင်းလာသူတွေကို တင်ဆောင်လာတဲ့ လှေတစီးမှောက်ခဲ့ပြီး ကလေး ၅ ယောက် အပါအ၀င် လူ ၉ ယောက် သေဆုံးခဲ့တယ်လို့ တူရကီ ကမ်းခြေစောင့်တပ်က ပြောပါတယ်။
အဲဒီလှေပေါ်မှာ စုစုပေါင်း ရွှေ့ပြောင်းလာသူ ၁၇ ယောက်ကို တင်ဆောင်လာပြီး ၅ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
သံသယဖြစ်ဖွယ် လူမှောင်ခိုကူးသူအပါအ၀င် ကျန်ပျောက်ဆုံးနေသူ ၃ ယောက်ကိုလည်း မော်တော် ၄ စီး၊ ရဟတ်ယာဉ် ၂ စီးတို့နဲ့ ဆက်လက်ရှာဖွေနေတယ်လို့ ကမ်းခြေစောင့်တပ်က ဆိုပါတယ်။
၂၀၁၅ ခုနှစ်က တူရကီဟာ ရွှေ့ပြောင်းသွားလာသူတွေအတွက် ရေကြောင်းကနေ ဥရောပကို သွားရောက်တဲ့ အဓိကစခန်း ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် တူရကီအစိုးရနဲ့ အီးယူအကြား ၂၀၁၆ မှာ ချုပ်ဆိုတဲ့ သဘောတူညီချက်အရ ဒီလို ရေကြောင်းကနေ သွားလာတာကို သိသိသာသာ ထိန်းချုပ်လျှော့ချနိုင်ခဲ့ပါတယ်။