Home
မြန်မာသတင်း
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆိုက်ရောက်ဗီဇာ စတင်ထုတ်ပေး
အေးနိုင်
·
October 31, 2012
မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ဆိုက်ရောက်ဗီဇာ စတင်ထုတ်ပေးမှာဖြစ်ပြီး ပြင်ဆင်ထားရှိပြီးပြီလို့ လူဝင်မှုကြီးကြပ်ရေး နဲ့ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောပါတယ်။ “မန္တလေးလေဆိပ်ကို နိုင်ငံတကာလေကြောင်းကဆင်းလာတာရှိပါတယ်။ ရန်ကုန်လေဆိပ်လိုပဲ စီးပွားရေးတို့၊ အစည်းအဝေးတို့၊ အလုပ်ရုံဆွေးနွေးပွဲတို့အတွက် လာကြတာတွေကို ပေးမှာဖြစ် ပါတယ်။ မန္တလေးလေဆိပ်ကို တိုက်ရိုက်ဆင်းတဲ့ လေယာဉ်တွေက လောလောဆယ် တရုတ်ကလာတဲ့လေယာဉ်တွေပဲဖြစ်နေတယ်။ အဲမှာပါလာတဲ့ စီးပွားရေးသမားတွေအတွက် စီစဉ်ပေးတဲ့ သဘောပါ။ မြန်မာ့လေကြောင်းကနေ ဒီပြင်နိုင်ငံတွေက လေယာဉ်တွေ ဆင်းဖို့ ရှိတယ်ဆိုလည်း ဆက်လက် ဆောင်ရွက်ပေးသွားမှာပါ။” [caption id="attachment_32569" align="alignleft" width="300" caption="မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်"][/caption] မန္တလေးလေဆိပ်မှာ ဆိုက်ရောက်ဗီဇာထုတ်ပေးဖို့ ကောင်တာ ၄ ခု ပြင်ဆင်ထားပြီးဖြစ်တယ်လို့ သူက ပြောပါတယ်။ အစိုးရက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဒီနှစ်ဇွန် ၁ ရက်နေ့ကစလို့ ဆိုက်ရောက်ဗီဇာ စတင်ထုတ်ပေးခဲ့သလို မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ထပ်မံတိုးချဲ့တာဖြစ်ပါတယ်။ ရည်မှန်းချက်အတိုင်းဆို နေပြည်တော်လေဆိပ်မှာလည်း ဆိုက်ရောက်ဗီဇာကို အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာပြည်က ဆိုက်ရောက်ဗီဇာထက် ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံတကာမှာ ကျင့်သုံးတဲ့ ဆိုက်ရောက်ဗီဇာစနစ်အတွက် ဘယ်လောက်ထိ မျှော်မှန်းနိုင်ပါသလဲဆိုတဲ့မေးခွန်းကိုတော့ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ဦးမောင်မောင်သန်းက ရှင်းပြပါတယ်။ “ဆိုက်ရောက်ဗီဇာက ရောက်မှစစ်ရတာရှိသလို၊ ငွေကြေးကောက်ခံရတာလည်း ရှိတယ်။ လေဆိပ်မှာလူတွေသွားပုံလို့လည်း မဖြစ်ဘူး။ တဖက်က လေယာဉ်တစီးက ရောက်တယ်ဆို ပြန်တက်ရမှာလေ။ ပြန်ထွက်မယ်ဆိုတဲ့အခါ ပြန်မထွက်ခင်မှာ ဒီလူတွေကို အပြီးစစ်ပြီးသား ဖြစ်နေရမယ်လေ။ မစစ်နိုင်ဘူးဆိုရင်၊ တချို့က ဗီဇာစည်းကမ်းနဲ့ မညီညွတ်တဲ့လူပေါ့။ blacklist ဖြစ်တာမျိုး ပြန်တင်ရမှာဆို အချိန်မမီတော့ဘူး။ ဒါမျိုးတွေဖြစ်မှာစိုးလို့ အခုလောလောဆယ် ဒီဗီဇာတွေပဲ ပေးနေသေးတာဖြစ်တယ်။ နောက်ပိုင်းတော့ e-visa တို့ စီစဉ်သွားမှာပေါ့။ ဒါတွေဆောင်ရွက်ရင် အားလုံးအဆင်ပြေပြေ ဖြစ်သွားမှာပါ။” မြန်မာပြည်က ဆိုက်ရောက်ဗီဇာနဲ့ ခွင့်ပြုတဲ့ ဗီဇာအမျိုးအစားသုံးမျိုး ရှိပါတယ်။ ကောက်ခံတဲ့ အခကြေးငွေနဲ့ ခွင့်ပြုကာလတွေကတော့ လုပ်ငန်းဗီဇာ အမေရိကန် ဒေါ်လာ ၅၀၊ ခွင့်ပြုရက် ပေါင်း (၇၀)။ အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ဖို့နဲ့ တွေ့ဆုံဖို့အတွက် ပြည်ဝင်ဗီဇာ အမေရိကန်ဒေါ်လာ (၄၀)၊ ခွင့်ပြုရက် ၂၈ ရက်နဲ့ ဖြတ်သန်းဗီဇာ (Transit Visa)  အမေရိကန်ဒေါ်လာ ၂၀၊ ခွင့်ပြုချိန် ၂၄ နာရီဖြစ်ပါတယ်။ အခုအခါ ဆိုက်ရောက်ဗီဇာကို အာဆီယံနိုင်ငံအားလုံးနဲ့ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ နယူးဇီလန်၊ နော်ဝေ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ ဗြိတိန်၊ အမေရိကန် စုစုပေါင်း (၂၆) နိုင်ငံကို ခွင့်ပြုထားပြီး ကျန်ဗီဇာအမျိုးအစားတွေကိုလည်း တိုးချဲ့ဆောင်ရွက်သွားမယ်လို့ ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024