Home
မြန်မာသတင်း
ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ စတင်တည်ဆောက်လုပ်မည်
DVB
·
May 3, 2019
ရန်ကုန်မိုးပျံ အမြန်လမ်းစီမံကိန်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာ စတင်တည်ဆောက်ဖို့ ရည်မှန်းထားပြီး ၃ နှစ်အတွင်း ပြီးစီးဖို့ ခန့်မှန်းထားတယ်လို့ စီမံကိန်းတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းအစိုးရတို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ရန်ကုန် မိုးပျံအမြန်လမ်းစီမံကိန်း အပိုင်း(၁)နဲ့ ပတ်သက်ပြီး  မေ ၂ရက်က နေပြည်တော်မှာ ရှင်းလင်းရာမှာ ပြောသွားတာပါ။ အဆိုပါစီမံကိန်းကို Public Private Partnership (PPP) စနစ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ပြီး စုစုပေါင်းအရှည်မှာ ၄၇ ကီလိုမီတာခွဲ ရှိပါတယ်။ စီမံကိန်း Phase 1 အဖြစ် အရှေ့ဘက်ခြမ်း လေးလမ်းသွားလမ်းမကြီး ၁၉ ကီလိုမီတာ၊ အရှေ့နဲ့အနောက် ချိတ်ဆက်ထားတဲ့ လေးလမ်းသွား ၆ကီလိုမီတာနဲ့ ရန်ကုန်လေဆိပ်ကို ဆက်သွယ်ထားတဲ့ နှစ်လမ်းသွား ၂ကီလိုမီတာခွဲ  စုစုပေါင်း အရှည် ၂၇ ကီလိုမီတာခွဲရှိပါတယ်။ အဆိုပါ စီမံကိန်းအတွက် တင်ဒါဖိတ်ခေါ်ခဲ့ရာမှာ အရည်အသွေး ပြည့်မီတဲ့ လျောက်လွှာ ၁၂ စောင်လက်ခံရရှိခဲ့ပြီး စီမံကိန်းအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ အကျိုးတူ အဖွဲ့အစည်း ၁၀ခု ဆန်ကာတင် ရွေးချယ်နိုင်ခဲ့ကာ လာမယ့် ဇူလိုင်၊ သြဂုတ်လတွေမှာ တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီကို ထုတ်ပြန်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက  သတင်းထုတ်ပါတယ်။ ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းကို ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှုကို လျော့ချနိုင်ဖို့ အဓိက ရည်ရွယ် တည်ဆောက်တာဖြစ်ပြီး အမြန်လမ်းပြီးစီးသွားပါက ရန်ကုန်မြို့တွင်း တွေ့ကြုံနေရတဲ့ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို လျှော့ချပေးနိုင်မယ့်အပြင် စီးပွားရေးအခွင့်အလမ်းတွေ ဖွံ့ဖြိုးတိုးတက်ကာ ပြည်သူလူထုရဲ့ လူမှုဘဝလည်း မြင့်မားလာ မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဓာတ်ပုံ-Ministry of Construction
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024