Home
မြန်မာသတင်း
ခမိုးကားကွင်းစီမံကိန်းကို ဇလုံတောင်ဒေသခံများ ကန့်ကွက်ဆန္ဒပြ
DVB
·
May 3, 2019
စစ်ကိုင်းတိုင်းဒေသကြီး ဗန်မောက်မြို့နယ်က ဘုရားဖူး ခရီးသွားနေရာတခုဖြစ်တဲ့ ဇလုံတောင်မှာ တာရိန်းကုမ္ပဏီက ခမိုးကားဝင်းတည်ဆောက်တဲ့ စီမံကိန်းကို ဒေသခံတွေက မေလ ၃ ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ အခုလို ဆန္ဒထုတ်ဖော်ရတာဟာ ကုမ္ပဏီတင်ဒါမခေါ်ခင်က တိုင်းဒေသကြီးအစိုးရက ဒေသခံတွေကို တိုင်ပင်ညှိနှိုင်းခြင်း မရှိခဲ့တာနဲ့ ကားကွင်းနဲ့ပတ်သက်ပြီး ဒေသခံတွေအတွက် အကျိုးရလဒ် တစုံတရာ ခံစားခွင့်မရရှိတာကြောင့် ပြုလုပ်ရတာလို့  ဒေသခံ မစိုးမြတ်သူက ပြောပါတယ်။ တာရိမ်းကုမ္ပဏီက ပြုလုပ်တဲ့ ခမိုးကားဝင်းနဲ့ အပန်းဖြေရိပ်သာကို ၂၀၁၉ ခုနှစ် ၂ လပိုင်းက ဖွင့်လှစ်ခဲ့တာပါ။ ကားကွင်းတည်ဆောက်ရာမှာ ကားဝင်ကြေး၊ လူဝင်ကြေးနဲ့ ဆိုင်ခန်းခတွေ များပြားတဲ့အတွက် ဘုရားဖူးတွေ အဝင်အထွက် နည်းပါးသွားနိုင်သလို ဒေသအကျိုးမြတ်အနေနဲ့လည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးတာမျိုးမရှိဘူးလို့ ဆိုပါတယ်။ ယခင်က ဒေသဖွံ့ဖြိုးရေးအတွက် CPT ရိပ်သာဆောင်မှာလည်း အခုကားကွင်းနဲ့ ရိပ်သာဖွင့်လှစ်ခဲ့တဲ့အတွက် ဝင်ငွေနည်းပါးသွားရပြီး ဒေသခံတွေအတွက် နစ်နာရတယ်လို့ ပြောပါတယ်။ အခုဒေသခံတွေ ကြုံတွေ့ရတဲ့အပေါ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရထံ တင်ပြညှိနှိုင်းခဲ့ပေမယ့် မထူးခြားတာကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို အခုနှစ် ဖေဖော်ဝါရီလက တင်ပြထားတယ်လို့ ဗန်းမောက်မြို့ ဒေသခံ ဦးစိုင်းခမ်းရွှေက ပြောပါတယ်။ အခုဆန္ဒထုတ်ဖော်ရာမှာ ခမိုးကားကွင်းကုမ္ပဏီထွက်သွားရေး၊ ခရိုနီစီးပွားရေး အလိုမရှိ၊ ပွင့်လင်းမြင်သာမှုမရှိတဲ့ ခမိုးကားဝင်းစီမံကိန်း ဖျက်သိမ်းပေး၊ ဒေသခံပြည်သူအခွင့်ရေး ရရှိရေး၊ တာရိန်းကုမ္ပဏီနဲ့ အပေါင်းအပါဝန်ကြီးတွေ အလိုမရှိ စတဲ့ကြွေးကြော်သံတွေနဲ့ စီတန်းလှည့်လည်ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်ပွဲကိုတော့ ဗန်မောက်မြို့တွင်းရှိ လူစည်ကားရာ လမ်းတွေမှာ ပြုလုပ်ခဲ့ကြသလို ခမိုးကားကွင်းရှေ့မှာ ဒေသခံအင်အား ၁၅၀၀ လောက် ပါဝင်ခဲ့ကြပါတယ်။   ဇလုံတောင် ဘုရားဖူးနယ်မြေမှာ ခရီးသည်တောင်တက်ကား ၁၇၃ စင်းရှိပြီး နှစ်စဉ် ဖေဖော်ဝါရီ၊ ဧပြီ၊ သြဂုတ်နဲ့ စက်တင်ဘာလတွေမှာ ဘုရားဖူးခရီးသည် ဝင်ရောက်တာ အများဆုံးလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024