ဝက်ထီးကန် ဘိန်းဖြတ်စခန်းရှိ အဆောင်များ ဖျက်ဆီးခိုးယူခံရ
DVB
·
May 3, 2019
ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ၀က်ထီးကန်တိုက်နယ်ရှိ ဘိန်းဖြတ်စခန်းလို့ လူသိများတဲ့ ရွှေပြည်သာ ပြန်လည်ထူထောင်ရေးစခန်းထဲက အဆောင်တချို့ ဖျက်ဆီးခံခဲ့ရပြီး မေလ ၂ရက်က သစ်တွေနဲ့ သွပ်တွေ ခိုးယူခံခဲ့ရပါတယ်။
ပြန်လည်ထူထောင်ရေး စခန်းထဲမှာရှိတဲ့ အဆောင် ၅ ခုကနေ သစ်တွေနဲ့ သွပ်တွေ ကာလတန်ဖိုး ကျပ် ၁၉ သိန်းဖိုးလောက် အခိုးခံလိုက်ရတယ်လို့ ၀က်ထီးကန် ရဲစခန်းက သိရပါတယ်။ ခိုးယူခံခဲ့ရတဲ့ သစ်ချောင်းပေါင်းက ၂၁၂ ချောင်းရှိပြီး သွပ် အချပ်ပေါင်း ၃၀၀ လောက် ရှိပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြန်လည်ထူထောင်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးလွင်က “ဒီဟာတွေက လူနေ အဆောင်တွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပျက်စီးနေတဲ့ဟာတွေလည်း မဟုတ်ဘူး။ အဲဒီမှာ အခုတော့ အဆောင် နှစ်ခုက လုံးဝပျက်စီးသွားပြီ။ ကျန်တဲ့ ၃ ဆောင်ကတော့ သူတို့ ဖျက်နေဆဲမှာပဲရှိသေးတော့ နည်းနည်းကျန်နေသေးတယ်။ ရဲစခန်းက တန်ဖိုးသိပ်မရှိဘူးဆိုပြီး အမှုမဖွင့်စေချင်ဘူး၊ ကျမတို့ ညွှန်ချုပ်က အမှုဖွင့်လိုက်လို့ ညွှန်ကြားတော့ တန်ဖိုးမရှိဘူးဆိုပြီး ဒီအတိုင်းထားလိုက်ရင် နောက်လည်း လုပ်နေမှာစိုးလို့ အခုဟာတွေကိုလည်း စုံစမ်းဖော်ထုတ်ပေးဖို့အတွက် အမှုဖွင့်လိုက်တာ”လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီအဆောက်ဦတွေဟာ အရင်က ပြည်ထဲရေးဌာနကပိုင်တာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်ကမှ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက လွှဲပြောင်း ယူခဲ့တာဖြစ်ပါတယ်။
ခုလို ခိုးယူခံရတာနဲ့ ပတ်သက်ပြီး ရဲအုပ်ဇော်တင့်ကြိုင်က ပြည်သူ့ပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆ (၁) နဲ့ အမှုဖွင့်ထားပြီး တရားခံကို အမြန်ဖမ်းဆီးရရေးအတွက် ဆောင်ရွက်နေတယ်လို့ ၀က်ထီးကန်ရဲစခန်းက ပြောပါ တယ်။
သတင်း- မင်းညို