Home
မြန်မာသတင်း
နတ်သံကွင်းမြို့တွင် လမ်းဘေးမီးတိုင် ၀ါယာကြိုးရှော့ဖြစ်ရာမှ နေအိမ် ၂လုံး မီးလောင်
DVB
·
May 3, 2019
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့မှာ မေ ၂ ရက်ညနေပိုင်းက ဝါယာကြိုးရှော့ဖြစ်ပြီး နေအိမ် ၂ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ နတ်သံကွင်းမီးသတ်စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ မီးလောင်မှု ဖြစ်စဉ်မှာ လေပြင်းတိုက်ခတ်ချိန် အတွင်းလမ်းဘေးမီးတိုင်က ဝါယာကြိုးတွေ ပွတ်တိုက်မှုကြောင့် ရှော့ဖြစ်ပြီး မီးပွားတွေ အိမ်ပေါ်ကျပြီး စတင်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။ နတ်သံကွင်းမီးသတ်စခန်းက လက်ထောက် မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်က "ညနေပိုင်း လေပြင်းတိုက်တော့ လမ်းဘေးဓာတ်တိုင်က ဝါယာတွေပွတ်တိုက်ပြီး ရှော့ဖြစ်ရာက မီးပွားက အိမ်ပေါ်ကျပြီး လောင်ကျွမ်းတာပါ။ အခုလိုရာသီမှာမီးကြိုးနဲ့ သစ်ပင်တွေ မလွတ်တာတွေကို ရှင်းလင်းဖို့ လိုတယ်” လို့ ပြောပါတယ်။ လမ်းဘေးမီးတိုင်ကတဆင့် နတ်သံကွင်း ၆ ရပ်ကွက်နေ ဦးကာကာနေအိမ် စတင်လောင်ကျွမ်းခဲ့ပြီး အိမ်အနောက်ရှိ အခြားအိမ်ကို ဆက်လက်ကူးစက် လောင်ကျွမ်းခဲ့တာပါ။ ကာလတန်ဖိုး ၁၂ သိန်းဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ နတ်သံကွင်း မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကျောက်ကြီး မီးသတ်စခန်းက တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေ စုပေါင်းငြှိမ်းသတ်ခဲ့တာကြောင့် ည ၇ နာရီအချိန်လောက်မှာမီးငြိမ်းပါတယ်။ အလားတူ မေ ၁ ရက် ညနေပိုင်းကလည်း ဆိုလာအားသွင်းရာက ကျောက်ကြီးမြို့နယ် မုန်းဒေသမှာ နေအိမ်တလုံး မီးလောင်ကျွမ်းခဲ့ပြီး လင်မယားနှစ်ဦး ပြင်းထန်မီးလောင်ဒဏ်ရာတွေ  ရရှိခဲ့လို့ တောင်ငူဆေးရုံ ပို့ဆောင်ကုသထားရပါတယ်။ သတင်း- ကျော်အောင်(ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024