ဝီကီလိခ်တည်ထောင်သူ ဂျူလီယန်အက်ဆန်ကို လန်ဒန်တရားရုံးက ထောင်ဒဏ်ချမှတ်

ဓာတ်ပုံ - Daniel Leal Olivas/AFP
1.6K
ဗြိတိန်နိုင်ငံ လန်ဒန်တရားရုံးက ဝီကီလိခ်တည်ထောင်သူ ဂျူလီယန်အက်ဆန်ကို တရားရုံးမှာ လာရောက်အစစ်ဆေးခံဖို့ ပျက်ကွက်မှုနဲ့ မေလ ၁ ရက်က ထောင်ဒဏ် သီတင်းပတ် ၅၀ ချမှတ်လိုက်ပါတယ်။
အသက် ၄၇ နှစ်အရွယ် အက်ဆန်ဟာ အီကွေဒေါသံရုံးထဲမှာ ၇ နှစ်ကြာ ခိုလှုံနေခဲ့တာပါ။ သူ့ကို အီကွေဒေါအစိုးရက နိုင်ငံရေးခိုလှုံခွင့် ရုပ်သိမ်းလိုက်ပြီးနောက် ဧပြီ ၁၁ ရက်မှာ လန်ဒန်ရဲတပ်ဖွဲ့က သံရုံးထဲဝင်ပြီး ဖမ်းဆီးလိုက်တာပါ။
အက်ဆန်ဟာ ဆွီဒင်အမျိုးသမီးနှစ်ယောက်အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်လို့ ၂၀၁၀ မှာ စွပ်စွဲခံခဲ့ရပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဆွီဒင်နိုင်ငံကို ပြန်ပို့ခံရမယ့်အရေး ရှောင်ရှားဖို့ အက်ဆန်ဟာ ၂၀၁၂ ခုနှစ်က လန်ဒန်မြို့မှာရှိတဲ့ အီကွေဒေါသံရုံးထဲ သွားရောက်ခိုလှုံနေခဲ့သလို စွပ်စွဲချက်တွေကိုလည်း သူက ငြင်းဆိုခဲ့ပါတယ်။
မေလ ၁ ရက်က တရားရုံးရှေ့မှာ အက်ဆန်ကို ထောက်ခံသူတွေ စုဝေးခဲ့ကြပြီး သူ့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။
အမေရိကန်အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို ဝီကီလိခ်က ဖွင့်ချခဲ့တာနဲ့ ပတ်သက်လို့လည်း အမေရိကန်က သူ့ကို တရားစွဲထားပါသေးတယ်။
ဒါကြောင့် အက်ဆန်အနေနဲ့ အမေရိကန်ကို ပို့ခံရဖို့ ရာနှုန်းပြည့် ဖြစ်နိုင်ချေရှိတယ်လို့ အက်ဆန်ရဲ့ရှေ့နေ ဂျန်နီဖာရော်ဘင်ဆင်က တရားရုံးက အမိန့်ချပြီးနောက်မှာ ပြောခဲ့ပါတယ်။ ဒါဟာ အက်ဆန်အတွက် သေရေးရှင်ရေး တိုက်ပွဲပဲလို့ ဝီကီလိခ် အယ်ဒီတာ Kristinn Hrafnsson က ပြောပါတယ်။