လီဗာပူးကို ၃ ဂိုးပြတ် နိုင်သော်လည်း ပွဲမပြီးသေးဟု ဘာစီတိုက်စစ်မှူး မက်ဆီ ပြော

လီဗာပူးအသင်းကို ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ပွဲမပြီးသေးဘူးလို့ ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပြောကြားလိုက်ပါတယ်။ မက်ဆီဟာ လီဗာပူးအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ၂ ဂိုးသွင်းယူခဲ့ပြီး ကစားသမားဘဝ ဂိုး ၆၀၀ မြောက် သွင်းဂိုးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ၄ ဂိုးလောက်အထိ ရဖို့ နီးစပ်ခဲ့ပေမယ့် ၃ ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်ဟာလည်း အလွန်ကောင်းမွန်တဲ့ရလဒ် ဖြစ်တယ်လို့ မက်ဆီက ပြောပါတယ်။ ဒါပေမယ့်လည်း နောက်တဆင့်တက်ပြီလို့ တပ်အပ်ပြောလို့ မရသေးဘဲ လီဗာပူးအသင်း အိမ်ကွင်းပရိသတ်တွေရဲ့ အားပေးပုံကြောင့် ဆက်လက် တိုက်ပွဲဝင်သွားရဦးမယ်လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။ အဝေးဂိုး မပေးခဲ့ရတာကတော့ အလွန်အရေးကြီးပြီး အဝေးဂိုးတဂိုးက တန်ဖိုးများစွာ ပေးတယ်လို့လည်း မက်ဆီက ဆိုပါတယ်။ ဘာစီလိုနာအသင်းဟာ ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာကြောင့် ၂၀၁၅ ခုနှစ်မှာ ချန်ပီယံဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်ဖို့ အခြေအနေ ကောင်းသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up