ထိုင်းဘုရင်ကြီးအတွက် အထူးလက်ဆောင် ဆင်ဖြူတော် ပြည်သူများကြား ရေပန်းစား

ထိုင်းဘုရင်ကြီးအတွက် အထူးလက်ဆောင် ဆင်ဖြူတော်ဟာ အတိတ်နိမိတ်ကောင်းတွေ နဲ့အတူ ပြည်သူတွေကြား ရေပန်းစားနေပါတယ်။
ပလိုင်ဧကချိုင် အမည်ရတဲ့ အဲဒီဆင်ဖြူတော်ဟာ ထီးနန်းသစ်လွှဲပြောင်းရယူမယ့် ဒသမမြောက် ရာမမင်းဆက် ဘုရင် မဟာဝဇီရာ လောင်ကွန်းကို အထူးလက်ဆောင်ပဏ္ဍာအနေနဲ့ ဆက်သသွားမယ့် အထူးဆင်တကောင် ဖြစ်ပါတယ်။
ဆင်ကြီးရဲ့ အဖြူရောင်အဆင်းက သန့်စင်မှုနဲ့ မင်းတပါးရဲ့ အဆောင်အယောင်လို ခမ်းနားကြီးကျယ်မှုကို ဖော်ပြနေတာဖြစ်ပြီး ရှားပါးတဲ့အတွက် တကယ့်နတ်ဘုရားတွေလို ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ရတာ ဖြစ်ပါတယ်။
ဆင်ဖြူတော်ထိန်း ဗီချီယန် ပရထုံဒီးက “ကျနော့်အနေနဲ့ ဘုရင်ကြီးအတွက် ဆင်ဖြူတော်ကို ထိန်းသိမ်းစောင့်ရှောက်ရေးမှာ တစိတ်တပိုင်း ပါဝင်ခွင့်ရတာ တကယ့်ကို ဂုဏ်ယူစရာပါပဲ။ ဆင်ထိန်းတယောက်ရဲ့ဘဝမှာ အကြီးကျယ်ဆုံးနဲ့ ဂုဏ်ယူရမယ့် အံ့သြစရာတခုပါပဲ” လို့ ပြောပါတယ်။
ဒီဆင်ဖြူတော်ဟာ ထိုင်းဘုရင်ကြီးအတွက် ပေါ်ပေါက်လာရတယ်လို့ ထိုင်းပြည်သူတွေက ယုံကြည်နေကြပြီး ကံကောင်းလာဘ်ကောင်းစေဖို့ ဆင်ဖြူတော်နဲ့ ဓာတ်ပုံရိုက်တာတွေ၊ ဆင်ဖြူတော်နဲ့ ဆက်စပ်ပတ်သက်တဲ့ ထီထိုးတာတွေကို လုပ်ဆောင်နေကြပါတယ်။
လတ်တလောမှာတော့ ဘုရင်ကြီးရဲ့ တော်ဝင်ဆင်ဖြူတော်အဖြစ် အပ်နှင်းပွဲ ကျင်းပမယ့်ရက်ကို မသိရသေးပါဘူး။
ခုလို ဘုရင့်ဆင်ဖြူတော်အဖြစ် အပ်နှင်းပွဲ ကျင်းပခဲ့တာဟာ ၁၉၇၈ ခုနှစ်နောက်ပိုင်းမှာ ပထမအကြိမ်ဖြစ်လာပြီး ဘုရင့်ထီးနန်းတက်ပွဲကိုတော့ လာမယ့်မေလ ၄ ရက်နေ့မှာ ကျင်းပသွားဖို့ ရှိနေတာပါ။
မဟာဝဇီရာ လောင်ကွန်းဟာ သက်တမ်း ၂၃၄ နှစ် ရှည်လျားခဲ့ပြီဖြစ်တဲ့ ချက်ကရီမင်းဆက်ရဲ့ ဒသမမြောက် ရာမဘုရင်ဘွဲ့ခံယူပြီး နန်းတက်မှာ ဖြစ်ပါတယ်။