Home
မြန်မာသတင်း
မော်ချီးတွင် မီးလောင်ကျွမ်းသဖြင့် စိုက်ခင်းနှင့် ရေပိုက်ပျက်စီး၊ ရေပြတ်လပ်နေ
နော်နိုရင်း
·
May 2, 2019
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု လိုခါးလိုကျေးရွာအနီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တောမီးလောင်မှုကြောင့် ဒေသခံတွေရဲ့ ဖာလာစိုက်ခင်းတချို့နဲ့ မော်ချီဒေသခံတွေ အသုံးပြုနေတဲ့ ရေပိုက် ပျက်စီးသွားတဲ့အတွက် သောက်သုံးရေ ပြတ်လပ်နေပါတယ်။ မော်ချီးဒေသ မော်ချီးတောင်ငူ ကားလမ်းဟောင်း  ၉၄ မိုင်မှာ မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး အဲဒီအနီးအနားတ၀ိုက်မှာရှိတဲ့ ဖာလာခြံတွေ မီးလောင်ပျက်စီးသွားသလို ရေပိုက်လည်း လောင်ခဲ့တာကြောင့် ရေပြတ်လပ်မှု ကြုံနေရတာလို့ မော်ချီးဒေသ အုပ်ချုပ်ရေးမှူး ဦးအော်ကော်ထူးက ပြောပါတယ်။ “အခုပြောရမယ်ဆိုရင် မီးလောင်တော့ ဖာလာခင်းတချို့လောင်တယ်။ ပြီးတော့ သောက်သုံးရေ ပြတ်လပ်မှုရှိတယ်။ ပြတ်လပ်မှုဆိုတာ ၉၄ မိုင်ကနေပဲ ရေယူတာကိုး။ ရေပိုက်လည်း သွားမဆက်ဖြစ်သေးဘူးလေ။ မဆက်ဖြစ်သေးဘူးဆိုတာ အခြေအနေ ဘယ်လို ရှိလဲတော့ မသိသေးဘူး။ နောက်ဖာလာက အချိန်မီ မီးသွားတာကို မတားရင် ဖာလာခင်းတွေ လောင်မှာပဲ အကုန်လုံးရှိသမျှ။ ရေကလည်း တိုက်နယ်ဆေးရုံက အဲဒီကရေပဲ ယူထားတဲ့အတွက် ဆေးရုံရေ မရှိတော့ တကယ်ဒုက္ခရောက်တယ်လေ။ ကျန်တဲ့ ရွာသားတွေအတွက်ကလည်း သောက်သုံးရေက ပြတ်လပ်မှုရှိတဲ့အခါကျတော့ ရေပိုက်မပြင်မချင်း၊ မဆက်မချင်း ရေက ပြတ်လပ်နေဦးမှာပဲ။”    ရေစတင်ယူတဲ့ ၉၄ မိုင်နေရာဟာ ခလရ ၅၄ တပ်စခန်းအခြေချရာ နေရာတွေဖြစ်ပြီး ဒေသခံတွေအနေနဲ့ ရေပိုက်သွားဆက်ရင်လည်း မိုင်းအန္တရာယ် စိုးရိမ်နေတဲ့အတွက် မသွားရဲကြသေးဘူးလို့ ပြောပါတယ်။    မီးစတင်လောင်ကျွမ်းတဲ့နေ့က အဲဒီနားတ၀ုက်မှာ မိုင်း ၂ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရကြောင်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒီမီးလောင်မှုကို မည်သူမည်ဝါကနေ စတင်မီးရှို့ခဲ့လဲဆိုတာ မသိရသေးပေမယ့် ရွာခံ အများစုကတော့ အနီးနားမှာရှိတဲ့ တပ်စခန်းကနေ တောမီးရှို့တာလို့ ခန့်မှန်းပြောဆိုနေ ကြပါတယ်။ ဖာလာခြံမီးလောင်ဆုံးရှုံးသွားတဲ့ ဒေသခံတဦးက “တခြားလူတွေရဲ့ ခြံကတော့ သူတို့အမီ မီးသွားတားနိုင်လို့ မလောင်ဘူး။ ကျနော့်ဟာက ချောင်ထဲမှာဆိုတော့ လောင်ကုန်တယ်။ ကျနော်ဟာ ၁၀ ဧကလောက်မှာ ၃ ဧကလောက်ပဲ ကျန်တယ်။” သူပါအအ၀င် ဒေသခံ ၅ ဦးရဲ့ ဖာလာခြံတွေ မီးလာင်သွားခဲ့တာကြောင့် လာမယ့် ဖာလာသီး ရာသီချိန်အတွက် ၀င်ငွေရနိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024