မလေးရှားတွင် ဆင်စွယ် ၄ တန်နီးပါး မီးရှို့ဖျက်ဆီး

မလေးရှားနိုင်ငံမှာ ဧပြီ ၃၀ ရက်နေ့က ဆင်စွယ်တွေနဲ့ ဆင်စွယ်နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေ အလေးချိန် လေးတန်နီးပါး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
တရုတ်နဲ့ တခြား အာရှနိုင်ငံတွေကို မှောင်ခိုကူးဖို့ မလေးရှားနိုင်ငံကို အဓိက ထွက်ပေါက်အဖြစ် အသုံးပြုနေကြတဲ့ မှောင်ခိုသမားတွေကို နှိမ်နင်းရေး စီမံကိန်း တစိတ်တပိုင်းအတွင်း ဆင်စွယ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတာပါ။
၂၀၁၁ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း မလေးရှားလေဆိပ်တွေမှာ အလေးချိန် လေးတန်နီးပါးရှိတဲ့ ဆင်စွယ်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ မလေးရှားနိုင်ငံရဲ့ ရေ၊ မြေနဲ့ သဘာဝရင်းမြစ်ရေးရာဝန်ကြီး ဂျေဗီယာ ဂျာယာကူမာက ဧပြီ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အဲဒီဆင်စွယ်တွေဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၂ သန်း တန်ဖိုးရှိပါတယ်။ သိမ်းမိတဲ့ဆင်စွယ်တွေ မှောင်ခိုဈေးကွက်နဲ့ လွတ်ကင်းအောင် အခုလို မီးရှို့ဖျက်ဆီးရတာလို့ သူက ဆက်ပြောပါတယ်။
အာဖရိကနဲ့ အာရှအကြား ဆင်စွယ်မှောင်ခိုကူးတဲ့ လမ်းကြောင်းမှာ မလေးရှားနိုင်ငံက အကူးအပြောင်းလုပ်တဲ့ အချက်အချာနေရာမှာ ရှိတယ်လို့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်သူတွေက ပြောပါတယ်။
၂၀၁၈ သြဂုတ်လကလည်း မလေးရှား အာဏာပိုင်တွေဟာ ဗီယက်နမ်ကိုပို့မယ့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂ သန်းတန်ဖိုးရှိတဲ့ ကြံ့ချို အခု ၅၀ ကို သိမ်းဆည်းရမိခဲ့ပါတယ်။