အမျိုးသမီး လိင်တူချစ်သူ ၂ ဦးကြား ထူးခြားဆန်းပြားသည့် အချစ်အကြောင်းရုပ်ရှင် – Tell It to the Bees (နမူနာ)
Published By
DVB | 1 May, 2019
2.3K
0
Share
0
Comment
0
Likes
ဟောလိဝုဒ် အချစ်ဒရာမာရုပ်ရှင် ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Tell It to the Bees ရုပ်ရှင်ကို လာမယ့် မေလ ၃ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဗြိတိန် အမျိုးသမီး စာရေးဆရာမ Fiona Shaw ရဲ့ ဝတ္ထုကို အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Annabel Jankel က ရုပ်ရှင်အဖြစ် အသက်သွင်း ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားကတော့ ၁၉၅၀ ပြည့်လွန်ကာလကို အခြေတည် ရိုက်ကူးထားပြီး အမျိုးသမီး လိင်တူချစ်သူ ၂ ယောက်ကြားက ချစ်ခြင်းမေတ္တာကို ပုံစံတမျိုးနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ သားတယောက်မိခင်ဖြစ်တဲ့ Lyndia ဟာ အိမ်ထောင်ရေး အဆင်မပြေတဲ့ အမျိုးသမီးတယောက်ဖြစ်ပြီး နယ်မြို့လေးတမြို့ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ အဲဒီမြို့မှာ သားဖြစ်သူကတဆင့် အမျိုးသမီးဆရာဝန် Jean နဲ့ သိကျွမ်းမိခဲ့ရာကနေ သူတို့ ၂ ယောက် သံယောဇဉ်တွယ်မိပြီး ချစ်ကြိုက်မိသွားခဲ့ကြတယ်။ ဒီလိုအခြေအနေမှာ ကျဉ်းမြောင်းတဲ့ ရှေးရိုးဆန်တဲ့ မြို့ငယ်လေးမှာ သမားရိုးကျမဟုတ်တဲ့ အမျိုးသမီးချင်း ချစ်ကြိုက်နေကြတဲ့ ဒီသတင်းက တစထက်တစ ပျံ့နှံ့သွားခဲ့ပြီး အစဉ်အလာကို ချိုးဖောက်သူတွေအဖြစ် အားလုံးရဲ့ ဝိုင်းကြဉ်မှုတွေ ခံရချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ ဒီဒဏ်တွေကိုရော လူမမယ်ကလေးဖြစ်တဲ့ သားငယ်လေးက ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာတွေကို စိတ်ဝင်စားစရာ ဇာတ်လမ်းတပုဒ်အနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ဟောလိဝုဒ်သရုပ်ဆောင် မင်းသမီး ၂ ဦးဖြစ်တဲ့ Anna Paquin နဲ့ Holliday Grainger တို့က ခေါင်းဆောင်ပါဝင်ထားကြပြီး တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Gregor Selkirk၊ Kate Dickie တို့လည်း ပါဝင်ထားကြတာပါ။
ဒီရုပ်ရှင်ကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ပြသခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိထားတဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။
ကြာမြင့်ချိန် ၁၀၆ မိနစ်ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ TV-MA အဆင့် သတ်မှတ်ထားပါတယ်။