Home
ဆောင်းပါး
ကမ္ဘာ့အလုပ်သမားနေ့
DVB
·
May 1, 2019
၁၈၈၉ ခုနှစ် ပါရီမြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်တွေရဲ့ ဒုတိယအကြိမ် ညီလာခံက မေလ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဲဒီနေ့ကို မေဒေးနေ့လို့ လူသိများခဲ့တာပါ။ အဲဒီနေ့ဟာ နှစ်ပေါင်းအတော်ကြာ ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့ အရင်းရှင်စနစ်ကို တော်လှန်ခဲ့ပြီး အလုပ်သမား လူတန်းစားရဲ့ သွေးစည်းမှုကို ပြသနိုင်ခဲ့တဲ့အတွက် နိုင်ငံရေးသဘောတရားအရ အလွန်အရေးပါတဲ့နေ့လည်း ဖြစ်ပါတယ်။ မေဒေးနေ့ဟာ ၁၉ ရာစုအစပိုင်း အမေရိကန်ပြည်ထောင်စု အလုပ်သမား၊ အလုပ်ရှင် ပဋိပက္ခတွေမှာ မြစ်ဖျားခံခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က အလုပ်သမားတွေဟာ တနေ့ ၁၆ နာရီက နာရီ ၂၀ ထိ ပင်ပင်ပန်းပန်း အလုပ်လုပ်ကြရပါတယ်။ ဒါပေမယ့် သူတို့ဟာ အလုပ်လုပ်ရင်း ဆင်းရဲခဲ့ပါတယ်။ ဆင်းရဲတွင်း နက်သည်ထက် နက်ခဲ့ရပါတယ်။ ကျန်းမာရေး၊ လူမှုရေး၊ စားဝတ်နေရေးတွေမှာလည်း နိမ့်ကျသည်ထက် နိမ့်ကျခဲ့ရပါတယ်။ ၁၈၂၀ ခုနှစ်က ၁၈၄၀ ခုနှစ်အထိ တနေ့ အလုပ်ချိန် ၁၀ နာရီသာ အလုပ်ဆင်းဖို့ အလုပ်သမားတွေက တောင်းဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် အလုပ်ရှင်တွေက မလိုက်လျောဘဲ ဖမ်းဆီးနှိပ်ကွပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အလုပ်သမားတွေရဲ့ တောင်းဆိုမှုဟာ အမေရိကန်ကတဆင့် အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ သြစတြေးလျအထိ ပျံ့နှံ့ခဲ့ပါတယ်။ ၁၈၈၄ ခုနှစ် အမေရိကန် အလုပ်သမားအဖွဲ့ချုပ် ညီလာခံက ၁၈၈၆ ခု မေလ ၁ ရက်နေ့က စပြီး တနေ့ ၈ နာရီသာ အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို အလုပ်သမားအဖွဲ့ခွဲ အသီးသီးက လိုက်နာပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တိုက်ပွဲကာလအတွင်း အလုပ်သမားတွေဟာ အလုပ်ပြုတ်သူပြုတ်၊ ထောင်ကျသူကျ၊ သေသူသေ ဖြစ်ခဲ့ရပါတယ်။ နောက်ဆုံး အလုပ်သမားများ အောင်ပွဲခံခဲ့ရပါတယ်။ မေလ ၁ ရက်နေ့ကိုလည်း ကမ္ဘာ့အလုပ်သမားနေ့အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး အစိုးရရုံးတွေ၊ အလုပ်ရုံတွေ၊ ဈေးဆိုင်ကနားတွေပိတ်ပြီး အလုပ်သမား အင်အားပြပွဲတွေ၊ စီတန်းလမ်းလျှောက်ပွဲတွေ၊ ဟောပြောပွဲတွေ ကျင်းပနိုင်ခဲ့ပါတယ်။ ဒီနေ့ ဒီအချိန်မှာတော့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအတော်များများက အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဒါ့အပြင် ကမ္ဘာ့အလုပ်သမားနေ့မှာ အလုပ်သမားတိုင်း လုပ်ခအပြည့်နဲ့ အားလပ်ခွင့်ရတဲ့အထိ တိုးတက်ခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ အခြေအနေမှာတော့ အလုပ်သမားနဲ့ အလုပ်ရှင် အငြင်းပွားမှုမှာ တဦးချင်း အငြင်းပွားမှုနဲ့ စုပေါင်းအငြင်းပွားမှုဆိုပြီး အငြင်းပွားမှုနှစ်ရပ် ရှိပါတယ်။ တဦးချင်း အငြင်းပွားမှုတွေကို မြို့နယ်တရားရုံးဘက် လွှဲထားတာကြောင့် အလုပ်သမားတွေ အမှုရင်ဆိုင်ရတဲ့အခါ ငွေကြေးအခက်အခဲ တွေ့နေရတယ်လို့ အလုပ်သမား ခုံသမာဓိကောင်စီဝင် အလုပ်သမားကိုယ်စားလှယ် ဦးမောင်မောင်အေး (ဦးဗေဒါ) က ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အလုပ်သမားသမဂ္ဂတွေ ဖြိုခွင်းခံနေရပြီး အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေ အလုပ်ထုတ်ခံနေရမှုနဲ့ ဒုတိယအကြိမ် အလုပ်သမားဥပဒေ ပြင်ဆင်မှုဟာ လွှတ်တော်မှာ ကြန့်ကြာနေမှုကြောင့် အလုပ်သမားတွေ နစ်နာနေသေးတယ်လို့ သူက ဆိုပါတယ်။ သားကြီးမောင်ဇေယျ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024