မနေ့ညက ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ နယ်သာလန်ကလပ် အေဂျက်က ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်ဟော့စပါးကို တဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဥရောပ ထိပ်သီးကလပ်အသင်းကြီးတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်တို့လို အသင်းတွေကို အဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့ အေဂျက်အသင်းဟာ အင်္ဂလန် ပရီးမီးယားလိဂ် ထိပ်သီးကလပ် စပါးအသင်းကိုလည်း အဝေးကွင်းမှာ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။
ဒီရလဒ်ကြောင့် ဗိုလ်လုပွဲတက်ရောက်ဖို့ အလားအလာ ကောင်းသွားခဲ့တဲ့ အေဂျက်ဟာ လူငယ်တွေရဲ့ စိတ်ဓာတ်ပြင်းပြမှုနဲ့အတူ ခရီးဆက်နေတယ် ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။
စပါးဟာ အိမ်ကွင်းမှာကစားခဲ့ရပေမယ့် ခြေစွမ်းမပြနိုင်ခဲ့သလို လူးကပ်စ်မော်ရာ၊ အယ်လီနဲ့ လော်ရန်တေးတို့ တိုက်စစ်အတွဲကလည်း အေဂျက်နောက်တန်းကို ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။
အေဂျက်အတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ဂျိုဟန်ခရိုက်ဖ်ရဲ့ ပဲ့တင်သံလို့ နာမည်ကြီးနေတဲ့ တောင်ပံကစားသမား ဗန်ဒီဘိခ်က ပွဲချိန် ၁၅ မိနစ်မှာ သွင်းယူပေးခဲ့တာပါ။
စပါးနည်းပြ ပိုချက်တီနိုကတော့ အိမ်ကွင်းရှုံးပွဲကြောင့် စိတ်ထိခိုက်ခဲ့ရပေမယ့် မေလ ၉ ရက်နေ့ အေဂျက်အိမ်ကွင်းမှာ အနိုင်ပြန်ယူပြီး နောက်တဆင့် တက်ရောက်နိုင်ဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။