Live
Home
မြန်မာသတင်း
မြောက်ဦးရှေးဟောင်းအမွေအနှစ်များကို ကာကွယ်ပေးရန် ရခိုင်လွှတ်တော်တွင် အဆိုတင်
DVB
·
April 30, 2019
မြောက်ဦး ရှေးဟာင်းယဉ်ကျေးမှုအမွေအနှစ်တွေထိခိုက် ပျက်စီးမှုကနေ ကာကွယ်ပေးနိုင်ရေးအတွက် ထိရောက်တဲ့ အစီအမံ အဟန့်အတားတွေ ပြုလုပ်ပေးဖို့ ဒီကနေ့  ဧပြီ ၃၀ ရက် ရခိုင်ပြည်နယ်လွှတ်တော်မှာ တိုက်တွန်းတဲ့ အဆို တင်သွင်းသွားပါတယ်။ ရခိုင်ပြည်နယ် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသမှာ လက်နက်ကြီး လက်နက်ငယ် တွေ ပစ်ခတ်မှုတွေကြောင့် ဘုရား၊ ပုထိုး၊ စေတီစတဲ့ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်တွေ၊ ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးနိုင်ရေးအတွက် ထိရောက်တဲ့ အစီအမံအဟန့်အတားတွေ ပြုလုပ်ပေးဖို့ အစိုးရအဖွဲ့အား တိုက်တွန်းတဲ့အဆိုကို မြောက်ဦး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တဦးက အဆိုတင်သွင်းလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းမှာ ကတုတ်ကျင်းတွေ တူးဖော်တာ တွေ၊ ဘန်ကာတွေပြုလုပ်ရာမှာ ရှေးဟောင်း ကျောက်တွေကို အသုံးပြုထားတယ်လို့ဆိုပါတယ်။ ဒါ့ပြင်အဆိုရှင်က မြောက်ဦးယဉ်ကျေးမှုဇုန်အတွင်းမှာ လက်နက်ကြီး လက်နက်တွေနဲ့ ပစ်ခတ်မှုတွေကြောင့် ဆင်ချဆိပ်ရပ်ကွက်မှာရှိတဲ့ ရက္ခမုနိဘုရားမှာ နှာခေါင်းတော်နဲ့  လက်မောင်းတွေမှာသေနတ်ကျည်ဆန် ထိမှန်ခဲ့သလို လက်နက်ကြီးနက်ငယ်တွေ ပစ်ခတ်မှုတွေကြောင့် အသံလှိုင်းတွေတုန်ခါပြီး ပတ်ဝန်းကျင်ရှိ ရှေးဟောင်း ပုထိုးတော်တွေပျက်စီးနေရတယ်လို့ အဆိုရှင်ကပြောပါတယ်။ အဆိုကို မောင်တောမြို့နယ်က  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက သဘောတူတာကြောင့် လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုခဲ့ပါတယ်။ မြောက်ဦးရှေးဟောင်းဘုရားတွေမှာ ကတုတ်ကျင်းတွေတူးဖော်နေတာတွေရှိသလို ရှေးဟောင်း ယဉ်ကျေးမှုဒေသအတွင်း လက်နက်ကြီး လက်နက်တွေ ပစ်ခတ်မှုတွေကြောင့် ကိုးသောင်းမြောက်ဖက်က နံရံတွေအက်ကွဲလာနေတယ်လို့ မြောက်ဦးအမွေအနှစ်များ ထိမ်းသိမ်း စောက်ရှောက်ရေးအဖွဲ့ကဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(အေအေ)တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ မတ်လက မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း လက်နက်ကြီးကျည် ကျရောက်ခဲ့ပါတယ်။ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု ဒေသကို ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်ဖို့ ဆောင်ရွက်နေချိန်မှာ ခုလို တိုက်ပွဲတွေကြောင့် ရှေးဟောင်း ဘုရားတွေ ထိခိုက်ပျက်စီမှု ရှိနေတာပါ။ ၀ဏ္ဏခွာညို

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024