လော့စ်အိန်ဂျလိစ် လူစည်ကားသည့်နေရာကို ဗုံးခွဲရန် ကြံစည်မှုဖြင့် စစ်ပြန်ဟောင်းအား ဖမ်းဆီး

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့က လူစည်ကားတဲ့ နေရာတခုမှာ ဗုံးဖောက်ခွဲဖို့ ကြံစည်မှုနဲ့ အမေရိကန်စစ်ပြန်ဟောင်း တယောက်ကို ဖမ်းခဲ့တယ်လို့ ပြည်ထောင်စုအစိုးရ ရှေ့နေတွေက ဧပြီ ၂၉ ရက်နေ့မှာ ပြောပါတယ်။ အာဖဂန်နစ္စတန် တိုက်ပွဲအတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ အဲဒီအမျိုးသားဟာ အသက် ၂၆ နှစ်အရွယ် မာခ့် စတီဗန် ဒိုမင်ဂို ဖြစ်ပြီး နောက်ပိုင်းမှာ သူဟာ အစ္စလာမ် ဘာသာဝင်အဖြစ် ခံယူခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ သူဟာ ဂျူးလူမျိုးတွေကို သတ်ချင်တယ်၊ ရဲအရာရှိတွေကို ပစ်မှတ်ထား တိုက်ခိုက်ချင်တဲ့အပြင် စစ်ဘက်ဌာနတွေ ဒါမှမဟုတ် စည်ကားတဲ့ ဆန်တာမိုနီကာ တံတားပေါ်က လူအုပ်ကို တိုက်ခိုက်ချင်ကြောင်း ပြောခဲ့တယ်လို့ အမေရိကန်ရှေ့နေချုပ် နစ်ခ်ဟန်နာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါ့အပြင် မစ္စတာ ဒိုမင်ဂိုဟာ သုံးလက်မသံတွေကိုလည်း ဝယ်ခဲ့ပြီး အဲဒီသံတွေက လူ့ခန္ဓာကိုယ်ထဲကို ထိုးသွင်းဖို့နဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိုးဖောက်ဖို့ လုံလောက်တဲ့အရှည် ရှိတယ်လို့ ထွက်ဆိုခဲ့တယ်လို့လည်း FBI မှတ်တမ်းတခုမှာ ဖော်ပြထားပါတယ်။ ဒိုမင်ဂိုဟာ အကြမ်းဖက်ဝါဒ အားပေးထောက်ပံ့မှုနဲ့ ပြည်ထောင်စု ရာဇဝတ်မှု စွဲချက်တင်ခံထားရပါတယ်။ စွဲချက်အားလုံး ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် သူဟာ ထောင်ဒဏ် အများဆုံး ၁၅ နှစ်အထိ ကျခံရနိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up