Home
မြန်မာသတင်း
လျှပ်စစ်ဓာတ်အား ပိုပေးနိုင်ရန် ပြင်သစ်နှင့် ထိုင်းမှ ချေးငွေယူလုပ်ဆောင်မည်
DVB
·
April 30, 2019
58713296_2319477731709883_3564007765376499712_o
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ပိုပေးနိုင်ဖို့ ပြင်သစ်နဲ့ ထိုင်းနိုင်ငံတို့ကနေ ချေးငွေယူ လုပ်ဆောင်မယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်ထံ တင်ပြတောင်းခံလိုက်ပါတယ်။ ဧပြီ ၃၀ ရက် ပြည်ထောင်စုလွှတ်တော်မှာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က ရေအားလျှပ်စစ်စက်ရုံ ၅ ရုံ ပြင်ဆင်ဖို့နဲ့ ရန်ကုန်တိုင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုစနစ် ကောင်းမွန်အောင် ဆောင်ရွက်ဖို့ ပြည်ပချေးငွေယူမယ်လို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံအစိုးရ၊ ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီထံကနေ ယူရို ၃၅ ဒသမ ၇ သန်း ချေးယူပြီး ရဲနွယ်၊ မုန်းချောင်း၊ ကင်းတား၊ ဇောင်းတူ၊ သဖန်းဆိပ် စတဲ့ ရေအားလျှပ်စစ်စက်ရုံ ၅ ရုံကို အကြီးစားပြင်ဆင်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ ရေအားလျှပ်စစ်စက်ရုံ ၂၈ ခုအနက် အခုပြင်ဆင်မယ့် ရေအားလျှပ်စစ်စက်ရုံ ၅ ခုဟာ မပြင်တာ ၁၀ နှစ်နဲ့ နှစ် ၃၀ အထိ ရှိနေပြီဖြစ်လို့ ပြင်ဆင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ် ကောင်းမွန်စေဖို့ ထိုင်းနိုင်ငံ အစိုးရ၊ NEDA ထံကနေ ထိုင်းဘတ်ငွေ ၁၄၅၈ ဒသမ ၂၄၈ သန်း ချေးယူသွားမှာလည်း ဖြစ်ပါတယ်။ ထိုင်းအစိုးရချေးငွေနဲ့ ရန်ကုန်တိုင်းအတွင်းရှိ မြောက်ဥက္ကလာပ၊ မြောက်ဒဂုံ စတဲ့ မြို့နယ်တွေက ၃၃ ကေဗွီ ဓာတ်အားလိုင်းတွေကို ၆၆ ကေဗွီ ဓာတ်အားလိုင်းတွေအဖြစ် အဆင့်မြှင့်တင်သွားမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ လျှပ်စစ်အမြင့်ဆုံးသုံးစွဲမှု အနေနဲ့ ၂၀၁၅ ခုနှစ်က ၂၃၅၀ မဂ္ဂါဝပ်သာ ရှိခဲ့ရာကနေ ၂၀၁၆ ခုနှစ်မှာ ၂၆၇၀ မဂ္ဂါဝပ်၊ ၂၀၁၇ မှာ ၂၉၀၀ မဂ္ဂါဝပ်၊ ၂၀၁၈ မှာ မဂ္ဂါဝပ် ၄၀၀ ခန့် ပိုမိုသုံးစွဲလာပြီး လက်ရှိ လျှပ်စစ်သုံးစွဲမှု အမြင့်ဆုံးပမာဏ ၃၇၀၀ မဂ္ဂါဝပ်ရှိတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန စာရင်းတွေအရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024