Home
မြန်မာသတင်း
အီးယူက မြန်မာအပေါ် စစ်လက်နက်ပစ္စည်း ပိတ်ဆို့ဒဏ်ခတ်မှု သက်တမ်း ၁ နှစ်ထပ်တိုး
DVB
·
April 30, 2019
ဥရောပသမဂ္ဂ (အီးယူ) က မြန်မာနိုင်ငံအပေါ် စစ်လက်နက်ပစ္စည်းတွေ တင်ပို့ရောင်းချခွင့် ပိတ်ပင်မှု အပါအဝင် အရေးယူ ဒဏ်ခတ်မှုတွေကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၃၀ ရက်အထိ နောက်ထပ် သက်တမ်းတနှစ် ထပ်တိုးလိုက်ပါတယ်။ အရေးယူပိတ်ဆို့မှုတွေထဲမှာ မြန်မာတပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်တာနဲ့ သင်တန်းပေးတာတွေ မလုပ်ဖို့ တားမြစ်ချက်လည်း ပါဝင်တယ်လို့ ဧပြီ ၂၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ဥရောပကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်က အရပ်သား ရွာသားတွေနဲ့ ရိုဟင်ဂျာတွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်တပ်က အဆင့်မြင့် အရာရှိကြီး ၁၄ ယောက်ကိုလည်း ပစ်မှတ်ထား အရေးယူမှုတွေ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ချမှတ်ခဲ့တဲ့ အီးယူရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ကဏ္ဍအားလုံးမှာ တိုးတက်မှုရအောင် မြန်မာအစိုးရအနေနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ အရေးယူဆောင်ရွက်မှုတွေကို နှောင့်နှေးမနေဘဲ အမြန်ဆုံး လုပ်ဆောင်ဖို့လည်း ဥရောပကောင်စီက တိုက်တွန်းထားပါတယ်။ မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံကို သွားရောက်ပြီး စစ်လက်နက်ပစ္စည်းတွေ သွားရောက်ကြည့်ရှု လေ့လာနေချိန်မှာ ခုလို အီးယူက မြန်မာအပေါ် စစ်လက်နက်ပစ္စည်း တင်ပို့ရောင်းချမှု ပိတ်ပင်တားမြစ်မှု သက်တမ်းထပ်တိုးလိုက်တာလည်း ဖြစ်ပါတယ်။ ဓာတ်ပုံ-CINCDS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024