တပ်မတော်က တရားစွဲထားသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ရုံးထုတ်စစ်ဆေး
DVB
·
April 30, 2019
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)/(ခ)နဲ့ တပ်မတော်က တရားစွဲထားတဲ့ တက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ဒီနေ့မနက်က တိုက်ကြီးမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ်ရုံးထုတ် စစ်ဆေးပါတယ်။
တရားရုံးကို လှိုင်သာယာ၊ မှော်ဘီ၊ တိုက်ကြီး၊ အဖျောက်မြို့နဲ့ ဥက္ကံမြို့တွေက နိုင်ငံရေး တက်ကြွလုပ်ရှားသူ အင်အား ၈၀ လောက်က လာရောက်ပြီး “ပြည်သူသာအမိ/ပြည်သူသာအဖ၊ ဒီမိုကရေစီစနစ်မှာ ပြည်သူတို့သည် အုပ်ချုပ်ခံဖြစ်သလို အုပ်ချုပ်ရန်လည်းဖြစ်သည်"ဆိုတဲ့ စာတမ်းပါ ဝတ်စုံတွေနဲ့ လာရောက်ဝန်းရံ ကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁ ရက်က အဖျောက်မြို့မှာ ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုထောက်ခံပွဲမှာ စာရေးဆရာထင်လင်းဦး၊ ဦးနေမျိုးဇင်နဲ့ ကိုနေရဲ (ခ) ကိုနန္နအောင်တို့က ပြည်သူတွေကို ဟောပြောခဲ့ပါတယ်။
ဦးနေမျိုးဇင်က တပ်မတော်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဟောပြောခဲ့တာကြောင့် တိုက်ကြီးမြို့ အမှတ်(၁) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းက ဒုဗိုလ်မှူးကြီးတိုးလွင်က တရားလိုလုပ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)/(ခ) နဲ့ အမှုဖွင့် တရားစွဲခဲ့ပါတယ်။
ဦးနေမျိုးဇင်ကို တိုက်ကြီးမြို့နယ်တရားရုံးမှာ ဧပြီ ၁၉ ရက်က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး ဒီကနေ့ ဧပြီ ၃၀ရက်မှာ ဒုတိယအကြိမ်ရုံးထုတ်စစ်ဆေးတာဖြစ်ပါတယ်။
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဟာ အာမခံရနိုင်တဲ့ ပုဒ်မဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။
တပ်မတော်ဟာ နိုင်ငံတော် မဟုတ်တဲ့အတွက် နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲတာဟာ ဥပဒေနဲ့ မညီဘူးလို့ ရှေ့နေတချို့ကတော့ ဝေဖန်ထောက်ပြကြပါတယ်။
သတင်း- ဓါတ်ပုံ မေသွယ်