ပေါ့ဂ်ဘာနှင့် လူကာကူအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀၀ ခန့်ရှိ

1.4K
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး လူကာကူနဲ့ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာတို့ဟာ လာမယ့်နွေရာသီရဲ့ နာမည်အကြီးဆုံး အပြောင်းအရွှေ့တွေ ဖြစ်လာဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။
နည်းပြ ဆိုးလ်ရှားကလည်း အဲဒီကစားသမားနှစ်ယောက်ပေါင်း ပြောင်းရွှေ့ကြေးတန်ဖိုးကို ပေါင်သန်း ၂၀၀ ထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ပေါ့ဂ်ဘာရဲ့ အေးဂျင့် ရွိုင်းအိုလာကလည်း သူ့ရဲ့ ကစားသမားဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့နိုင်မယ်လို့ ယုံကြည်နေပြီး လူကာကူကိုတော့ အင်တာမီလန်နဲ့ ဂျူဗင်တပ်တို့က ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
လက်တလော အသင်းရဲ့ အခြေအနေအရ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ခက်ခဲနေတဲ့အချိန် ဖြစ်တာကြောင့် ရာသီကုန်မှာသာ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ဘူးဆိုရင် အဲဒီကစားသမားတွေ ထွက်ခွာဖို့ သေချာနေပါတယ်။
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်မှာလည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ချဲလ်ဆီးအသင်းနဲ့ တဂိုးစီ သရေကျသွားပါတယ်။
ပရီးမီးယားလိဂ် လက်ကျန် ၂ ပွဲသာ ကစားဖို့ ကျန်ရှိတဲ့အချိန် အမှတ်ပေးဇယားမှာ ချဲလ်ဆီးက ၆၈ မှတ်၊ အာဆင်နယ်က ၆၆ မှတ်၊ မန်ယူက ၆၅ မှတ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရေး အပြိုင်ဖြစ်နေပါတယ်။