အာဆီယံရုပ်ရှင်ပွဲတော်တွင် ဒါရိုက်တာ ဏကြီးနှင့် ၀ိုင်းတို့ ထူးချွန်ဆုအသီးသီး ရရှိ
DVB
·
April 28, 2019
မလေးရှားနိုင်ငံ၊ ကူချင်းမြို့မှာ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ အာဆီယံ အပြည်ပြည်ဆိုင် ရာရုပ်ရှင်ပွဲတော်နဲ့ ထူးချွန်ဆု(Asean International Film Festival & Awards–AIFFA) ချီးမြှင့်ပွဲ အခမ်းအနားမှာ မြန်မာနိုင်ငံမှ လူငယ်ဒါရိုက်တာ ဏကြီးနဲ့ ၀ိုင်းတို့ ဆုတဆုစီ အသီးသီး ဆွတ်ခူးရရှိခဲ့ကြပါတယ်။
လူငယ်ဒါရိုက်တာ ဏကြီးက မီရုပ်ရှင်ကားနဲ့ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု ချီး မြှင့်ခံခဲ့ရတာဖြစ်ပြီး ဒါရိုက်တာ ၀ိုင်းကတော့ ရွှေကြာရုပ်ရှင်ကားနဲ့ Special Jury Award ဆု ချီးမြှင့်ခံခဲ့ရတာပါ။
၂၀၁၉ ခုနှစ်အတွက် AIFFA ရုပ်ရှင်ထူးချွန်ဆုတွေအတွက် အကောင်းဆုံးတည်း ဖြတ်ဆု၊ ဓာတ်ပုံဆု၊ ဇာတ်ညွှန်းဆု၊ အမျိုးသမီးဇာတ်ပို့ဆု၊ ဇာတ်ဆောင်ဆု၊ အမျိုးသား ဇာတ်ပို့ဆု၊ ဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆုနဲ့ ဇာတ်ကားဆု အပါအ၀င် အမျိုးအစား ၉ မျိုး သတ်မှတ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
ဧပြီလ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ဆန်ကာတင်စာရင်းမှာတော့ မြန်မာနိုင်ငံက ရုပ်ရှင်ကားတွေဖြစ်တဲ့ မီရုပ်ရှင်ကားက အကောင်းဆုံး ဇာတ်ကားဆု၊ ဓာတ်ပုံဆုနဲ့ အ ကောင်းဆုံးသရုပ်ဆောင် မင်းသမီးဆုတွေအတွက် ဆု ၃ ဆု ပါဝင်နေခဲ့ကာ ရွှေကြာ ရုပ်ရှင်ကတော့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပေမယ့် ရုပ်ရှင်ဓာတ်ပုံဆု တဆုသာ ရရှိခဲ့တာ ဖြစ်ပါတယ်။
ဆုလက်ခံရယူချိန် ကျေးဇူးတင်စကားပြောရာမှာတော့ ဒါရိုက်တာ ဏကြီးက “အ ရိုးသားဆုံးပြောရရင် ဒီဆုကို ရဖို့ တကယ်ကို မျှော်လင့်မထားခဲ့ပါဘူး။ AIFFA မှာ ကျနော် ရုပ်ရှင်ကားကောင်းတွေ အများကြီး ကြည့်ခဲ့ရလို့လေ။ ဗီယက်နမ်က Song Lang ရုပ်ရှင်၊ မလေးရှားရုပ်ရှင် Guang ၊ ထိုင်းကဆို Bad Genius လို ရုပ်ရှင်တွေပေါ့။ ဒီကားတွေနဲ့ အတူ ခုလိုပါဝင်ခွင့်ရတာ တကယ့်ကို ဂုဏ်ယူမိပါတယ်။ ခုလိုဆုရရှိတဲ့အတွက် တကယ့်ကို ကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
မီရုပ်ရှင်ကားဟာ ပြည်တွင်းမှာ ရုံတင်ခဲ့ချိန်ကတည်းက ပွဲဆူခဲ့တဲ့ ရုံတင်ကားတ ကားဖြစ်ခဲ့ပြီး မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုတဆုမှ မရရှိခဲ့ပေမယ့် ပရိသတ်တွေကတော့ တခဲနက် အားပေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒီကားကတော့ နာမည်ကြီး စာရေးဆရာမကြီး ကြည်အေးရဲ့ ၀တ္ထုကို ဒါရိုက်တာ ဏကြီးက ကိုယ်တိုင်ဇာတ်ညွှန်းခွဲ၊ ကိုယ်တိုင်ရိုက်ကူးထားတာဖြစ်ပြီး Victoria Film Production က တင် ဆက်လိုက်တာ ဖြစ်ပါတယ်။
၁၉၅၀ ပြည့်လွန်ကာလကို အခြေတည်ရေးဖွဲ့ထားတဲ့ ဒီဇာတ်လမ်းဟာ နားလည်ရခက်တဲ့ မီဆိုတဲ့ မိန်းကလေးတယောက်ကြောင့် ယောက်ျားတွေ အရူးအမူး ဖြစ်ကြတဲ့ အကြောင်း၊ ချစ်တဲ့ စိတ်တဖက်၊ သံသယစိတ်တဖက်နဲ့ မီကို လက်ထပ်ယူခဲ့တဲ့ အမျိုးသား တယောက်အကြောင်းကို တင်ပြထားခဲ့တာပါ။
Special Jury Award ဆုရရှိခဲ့တဲ့ ရွှေကြာရုပ်ရှင်ကားကတော့ ပြည်တွင်းမှာ အ ကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု၊ တည်းဖြတ်ဆု၊ ဇာတ်ညွှန်းဆု၊ အမျိုးသမီးဇာတ်ဆောင် ဆုစတဲ့ ဆု ၄ ဆုဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။