အမွေကိစ္စ စကားများရာမှ ယောက္ခထီးက ချွေးမကို ကတ်ကြေးဖြင့် ထိုးသတ်
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြိုမှာ ဧပြီ ၂၆ ရက်မနက်ပိုင်းက အမွေတောင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စကားများရန်ဖြစ်ရာကနေ ယောက္ခထီးက ကတ်ကြေးနဲ့ထိုးလို့ ချွေးမဖြစ်သူ သေဆုံးသွားတယ်လို့ သိရပါတယ်။
မအူပင်မြို့ အမှတ် ၆ ရပ်ကွက်၊ ခိုင်မေတ္တာလမ်းမှာ နေထိုင်တဲ့ ဦးအောင်မင်းက ကတ်ကြေးထိုးတာကြောင့် မသဲသဲဟာ ညာဘက်ဇက်ပိုး၊ မျက်ခုံး၊ နားရွက်နဲ့ လက်တွေမှာ ထိုးသွင်းပြတ်ရှဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တာလို့ မအူပင်မြို့မရဲစခန်းက ပြောပါတယ်။
“အရင်ကတည်းက သမီးယောက္ခမ မတည့်ဘူး။ အဲဒါ ဆဲထားတယ်ဆိုတဲ့ နာကြည်းချက်နဲ့ထိုးတာ။ ယာဘက်ဇက်ပိုးက ထိုးသွင်းဒဏ်ရာနဲ့ ဇက်ရိုးကျိုးသေတာပါ” လို့ မအူပင်မြို့မရဲစခန်းမှုး ဒုရဲမှုးဝင်းဇော်မိုးက ပြောပါတယ်။
အလောင်းအား မအူပင်မြို့ပြည်သူ့ ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဦးအောင်မင်းအား မအူပင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။