Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် ကျေးရွာအချို့ သောက်သုံးရေ အခက်အခဲကြုံနေ
DVB
·
April 27, 2019
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ကျေးရွာတချို့ သောက်သုံးရေ ရှားပါးမှု အခက်အခဲ ကြုံတွေ့နေကြရပါတယ်။ မြိုင်မြို့နယ်တွင်း ဝါးရင်းချိုင်၊ မြေရင့်၊ အရှေ့ပတိုင်းတော၊ ဖိုကုန်း၊ အုတ်ဖို စတဲ့ကျေးရွာ ငါးရွာမှာ သောက်သုံးရေရှားပါမှုနဲ့ ကြုံနေရတာပါ။ ဒီအခက်အခဲကို ပြေလည်စေဖို့ မြိုင်မြို့နယ် သက်ဆိုင်ရာ ဌာနဝန်ထမ်းတွေ၊ အလှူရှင်တွေစုပေါင်းပြီး ရေလှူးဒါန်းနေရပါတယ်။ မြိုင်မြို့နယ်  စည်ပင်သာယာရေးကော်မတီ၊အဖွဲ့ဝင် ဦးအောင်ကျော်ဌေးက “လက်ရှိ အနေအထားအရတော့ ကျနော်တို့ မြိုင်မြို့ ကျေးရွာငါးရွာလောက်က ရေတွင်းတွေက ပေနက်တွင်းတွေ ဖြစ်နေတာကြောင့် တွင်းတွေပျက်စီးတာပေါ့။ တွင်းတွေပျက်စီးတော့ ကျေးရွာငါးရွာကို ပခုက္ကူခရိုင်က ငှားထားတဲ့ ရေကားနဲ့တရက်ကို အနည်းဆုံး ၅ ခေါက်၊ ၆ ခေါက်ပို့နေပါတယ်။ အဲ့ကားက ရေဂါလန် ၃၀၀၀ ပါပါတယ်။ မြိုင်က မီးသတ်ကားလည်းပို့တယ်။ သစ်တောက ကားလည်း ပို့နေပါတယ်။ ကား ၃ စီးနဲ့ တောက်လျှောက်ပို့နေပါတယ်” လို့ ပြောပါတယ်။ ဝါးရင်းချိုင်ကျေးရွာမှာလည်း စက်ရေတွင်းပျက်တာကြောင့် ရေအခက်အခဲ ကြုံနေတာ နှစ်ပတ်လောက်ရှိပြီဖြစ်ပြီး အလှူရှင်တွေ လှူဒါန်းတာနဲ့ ရေတွင်းသစ်တူးဖော်နေပေမယ့် မပြီးသေးဘဲ ပေ ၉၀၀ ကျော်ထိ တူးဖော်ရမယ်လို့ ကျေးရွာ တာဝန်ခံ ဦးသိန်းဦးက ပြောပါတယ်။ “လက်ရှိမှာ တူးနေတဲ့ ရေတွင်းက ပေ ၃၅၀ ရောက်ရှိသွားပါပြီ၊ တူးနေရင်း စက်ပျက်သွားလို့ နားနေရပါတယ်။ တူပြီးရင် ရေရမယ်မရဘူးကလည်း မသေချာသေးပါဘူး၊ တူးနေတဲ့တွင်း ရေသုံးဖို့ကလည်း ဒီကနေ ပို့ပေးနေရတော့ ကျေးရွာမှာ ရေအခက်အခဲဖြစ်နေတာ နှစ်ပတ်သုံးပတ်လောက်ရှိပါပြီ။” မြိုင်မြို့နယ်အတွင်း သောက်သုံးရေရှားပါးတဲ့ ကျေးရွာတွေအတွက် သောက်သုံးရေ အမြန်ရရှိဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ မြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်စင်ခိုင်ကပြောပါတယ်။ “ကျနော်တို့မြို့နယ်တွင်းသောက်သုံးရေ ပျက်လပ်တဲ့ ကျေးရွာတွေကို ဌာနဆိုင်ရာတွေ၊ ပြည်သူတွေ ပူးပေါင်းပြီး ရေကားတွေပို့ပေးနေပါတယ်။ နောက်ပြီး ရေတွင်းပျက်တာ၊ စက်ပျက်တာမျိုးတွေကိုလည်း အချိန်ကြန့်ကြာမှုမရှိအောင် တပြိုင်နက်ပြုပြင်ပေးနေပါတယ်။” မြိုင်မြို့နယ်တွင်း ကျေးရွာတွေအနေနဲ့ သောက်သုံးရေ ပြတ်လပ်တာဖြစ်ပ်ါခဲ့ရင် မြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးကိုဖြစ်စေ၊ မြို့နယ်ကျေးလက်စီးဌာနကိုဖြစ်စေ ဆက်သွယ်အကူအညီ တောင်းနိုင်ကြပါတယ်။ မြင့်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024