ထွက်ရှိပြီး နာရီပိုင်းအတွင်း ကြည့်ရှုသူ သန်းချီရှိခဲ့သည့် တေးသီငှက်ကလေး တေလာဆွစ်ဖ်တ်သီ ချင်းသစ်-ME!(ရုပ်သံ)

သီချင်းအသစ် တပုဒ်ထွက်တိုင်း ပရိသတ်တွေကို အံ့အားသင့်စေခဲ့ရတဲ့ ပေါ့ပ်အဆိုတော် တေလာဆွစ်ဖ်တ်ကတော့ ဒီတခါမှာလည်း ပုံစံတမျိုးနဲ့ သီချင်းသစ် ME! ကို ပရိသတ်ဆီ မျှဝေပေးလိုက်ပြန်ပါပြီ။
ဆင်ဂဲလ်သီချင်းတပုဒ်အနေနဲ့ ထွက်ရှိလာခဲ့တဲ့ ဒီသီချင်းကိုတော့ အမေရိကန် ရော့ခ်တေးဂီတအဖွဲ့ Panic! at the Disco ရဲ့ ပင်တိုင်အဆိုတော် ဘရန်ဒန်ယူရီက Featuring အနေနဲ့ ပါဝင်သီဆိုပေးထားခဲ့တာ ဖြစ်ပါတယ်။
ဒီသီချင်းကိုတော့ တေလာဆွစ်ဖ်တ်၊ ဘရန်ဒန်ယူရီတို့နဲ့အတူ နယူးဇီလန် ဂီတပညာရှင် ဂျိုဝဲလ်လစ်တဲလ်တို့ ပူးပေါင်းဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။
အမှောင်ဘက်ခြမ်းကနေ အရောင်စုံ သက်တံ့စိတ်ကူးကမ္ဘာဆီ ရောက်ရှိသွားခဲ့တဲ့ အချက်ပြနိမိတ်ပုံတွေနဲ့ ရိုက်ကူးတင်ဆက်ထားပြီး တေလာဆွစ်ဖ်တ်၊ ဘရန်ဒန်ယူရီတို့နဲ့အတူ အကအဖွဲ့တွေ၊ ထူးခြားဆန်းသစ်တဲ့ ရိုက်ချက်တွေကိုပါ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ဒီသီချင်းဟာ ပရိသတ်တွေကြား ရေပန်းစားနေခဲ့ပြီး ယူ ကျုဘ်ပေါ်မှာ နာရီပိုင်းအတွင်း ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၇ သန်းကျော်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ တေလာဆွစ်ဖ်တ်ဟာ ဇာတ်ကြောင်းပြန်ပြောပြတဲ့ သီချင်းပုံစံမျိုးတွေ၊ ကျေးလက်ဂီတနဲ့ ပေါ့ပ်ဂီတအမျိုးအစား သီချင်းတွေနဲ့အတူ ပရိသတ်အားပေးမှုရရှိခဲ့ပြီး ထင်ရှားခဲ့သူဖြစ်ပါတယ်။
သူ့ရဲ့ သီချင်းတွေကို ကိုယ်တိုင်ရေးဆိုလေ့ရှိတဲ့ တေလာဆွစ်ဖ်တ်ဟာ တကိုယ် တော်တေးအယ်လ်ဘမ်တွေဖြစ်တဲ့ Taylor Swift (2006) ၊ Fearless (2008) ၊ Speak Now (2010) ၊ Red (2012) ၊ 1989 (2014) ၊ Reputation (2017) စတဲ့ အယ်လ်ဘမ် ၆ ချပ်ထိ ထွက်ရှိခဲ့ပြီးဖြစ်ကာ နာမည်ကြီးဂရမ်မီ တေးဂီတဆုအပါအ၀င် ဆုပေါင်း ၃၀၀ ကျော် ဆွတ်ခူးရရှိထားသူ ဖြစ်ပါတယ်။