ဆီးရီးယားတွင် သူပုန်များ တပ်စွဲထားသည့်ဒေသ၌ ပေါက်ကွဲမှုဖြစ်၊ ၁၇ ဦးထက်မနည်း သေဆုံး

828
ဆီးရီးယားနိုင်ငံ အနောက်မြောက်ဒေသအတွင်း သူပုန်တွေ တပ်စွဲထားတဲ့ ဂျက်ဆာရာ အယ်လ်ရှာဘူရူ အရပ်မှာ ဧပြီ ၂၄ ရက်က ပေါက်ကွဲမှုဖြစ်ပြီး လူ ၁၇ ယောက်ထက်မနည်း သေဆုံးပါတယ်။
အဲဒီဒေသမှာ ရုရှားက လေကြောင်းကနေ တိုက်ခိုက်အပြီး နောက်တရက်မှာ ခုလိုဖြစ်တာလို့ ကယ်ဆယ်ရေး လုပ်သားတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
လာတာကီယာ ကမ်းရိုးတန်းမြို့နဲ့ အလက်ပိုမြို့ကြား လမ်းနားမှာရှိတဲ့ အိဒလစ်ဘ် ခရိုင်ထဲက ပေါက်ကွဲမှုကြောင့် လူနေအဆောက်အဦ အတော်များများ ပြိုကျခဲ့ပါတယ်။
အရပ်သားအများစု ဒဏ်ရာရခဲ့လို့ သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်၊ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ မြို့တွင်း အရပ်ဘက် ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် အာမဒ် ယာဇီဂျီက ပြောပါတယ်။
ဒီနေရာဟာ သူပုန်တွေရဲ့ နောက်ဆုံးလက်ကျန် ခြေကုပ်စခန်းပါ။ မနှစ်က ရုရှား၊ အီရန်နဲ့ တူရကီတို့ကြား သဘောတူထားတဲ့ တင်းမာမှု ပြေလျော့ရေး ဇုန်ထဲမှာ ရှိနေပေမယ့် ဆီးရီးယား စစ်တပ်နဲ့ ရုရှားစစ်လေယာဉ်တွေရဲ့ တိုက်ခိုက်မှု တိုးလာတာကို လတ်တလော သီတင်းပတ်တွေအတွင်း တွေ့ရပါတယ်။