A d v e r t i s e m e n t With Us

ဖွဲ့စည်းပုံပြင်ဆင်ရန်အဆိုပြုချက်များ မီဒီယာကို ထုတ်မပြောရန် တပ်မတော်တင်ပြ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီအစည်းအဝေးမှာ ပါတီအသီးသီး အလိုက် ပြင်ဆင်ချက်အဆိုတင် သွင်းတာတွေနဲ့ ပတ်သက်ပြီး မီဒီယာကို မပြောဖို့ တပ်မတော် ကိုယ်စားလှယ်က ပြောပါတယ်။ ဧပြီ ၂၅ ရက်က နေပြည်တော် လွှတ်တော်ဝန်းအတွင်းရှိ ပြည်ထောင်စုလွှတ်တော် ဒုတိယထပ်အစည်းဝေးခန်းမမှာ ပြုလုပ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအစည်းဝေးအပြီးမှာ တပ်မတော်သား ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး မျိုးထက်ဝင်းက တင်ပြသွားတာပါ။ အငြင်းပွားစရာတွေလည်းများသလို ဘာမှ အတည်မပြုနိုင်သေးတဲ့အချိန်မှာ ထင်ယောင်ထင်မှားတွေ ဖြစ်နိုင်တာကြောင့် အခုလို တင်ပြရတာလို့ ဆိုပါတယ်။ ဒုဗိုလ်မှူးကြီး မျိုးထက်ဝင်းက “ဘာမှအတည်ပြုနိုင်ခြင်းမရှိသေးဘဲနဲ့ ဒီမှာဆွေးနွေးတဲ့ ကိစ္စတွေကို အပြင်မှာပြောတဲ့အခါကျတော့ ဆုံးဖြတ်ထားတာလည်းမဟုတ်ဘူး။ အတည်ပြုထားတာလည်းမဟုတ်ဘူး။ လွှတ်တော်ထဲမှာလည်း ဆွေးနွေးထားတာမဟုတ်ဘဲ သွားပြောလိုက်ရင် အများပြည်သူအနေနဲ့ ထင်ယောင်ထင်မှား တွေဖြစ်နိုင်ပါတယ်။ ဒါ ကြောင့် လက်ရှိမှာလည်း အဲ့လိုမပြောဖို့ တရားဝင်လျှို့ဝှက်အဆင့်ကို ထုတ်ဖော်မပြောဖို့ဆိုပြီး မနေ့ကတော့ အစည်းအဝေးမှာလည်း တို့ကတင်ပြရတာပေါ့ " လို့ ပြောပါတယ်။ အခုလို မီဒီယာတွေကို ဖြေဆိုနေတဲ့ ကိုယ်စားလှယ်ကို ကော်မတီဥက္ကဋ္ဌကလည်း  နောက်ဆုံးအကြိမ်အဖြစ် ပြင်းထန်စွာ သတိပေးလိုက် တယ်လို့ သိရပါတယ်။ ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက " မနေ့ကတော့ နောက်ဆုံးအကြိမ် သတိပေးတယ်။ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေနဲ့ ဖောက်ဖျက်ပြီးတော့ ဆောင်ရွက် မယ်ဆိုရင်တော့ ဒါလွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်။ လွှတ်တော်အခွင့်အရေး ကော်မတီကို လွှဲအပ်ပြီးတော့ အရေးယူဆောင်ရွက်မယ်ဆိုတာကိုတော့ ပြင်းထန်စွာ နောက်ဆုံးအကြိမ် သတိပေးတယ်။ ဒါကိုလည်း အစည်းအဝေးမှတ်တမ်းတင်ထားပါတယ်" လို့ ပြောပါတယ်။ ဒီကနေ့ အစည်းအဝေးမှာ အခြေခံဥပဒေ အခန်း(၅) အုပ်ချုပ်ရေးကဏ္ဍနဲ့ပတ်သက်တဲ့ပြဋ္ဌာန်းချက်တွေကို  အပြီးသတ်ဆွေးနွေးနိုင်ခဲ့ကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခန်း ၁၂ ခန်းပါဝင်ပြီး ပူးပေါင်းကော်မတီမှာပါဝင်တဲ့ ပါတီအသီးသီးက ကိုယ်စားလှယ်တွေက အခန်းအလိုက်ပြင်ဆင်ချင်တဲ့ အချက်တွေကို  အဆိုပြု တင်သွင်းနေကြတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up