စပိန်ရှိ မြောက်ကိုရီးယားသံရုံး စီးနင်းမှုနှင့် ပတ်သက်သည့် မရိမ်းတပ်ဖွဲ့ဝင်ဟောင်း၏ ပုံများ ထွက်ပေါ်

စပိန်နိုင်ငံ မက်ဒရစ်မြို့အခြေစိုက် မြောက်ကိုရီးယားသံရုံးကို ဝင်ရောက်စီးနင်းမှုနဲ့ ပတ်သက်နေတဲ့ အမေရိကန် မရိမ်းတပ်ဖွဲ့ဝင်ဟောင်း ဖိလစ်ပ်အန်းရဲ့ ရုပ်ပုံတွေ ဧပြီ ၂၃ ရက်က ထွက်ပေါ်လာပါတယ်။
အန်းဟာ သံရုံးထဲ လမ်းလျှောက်မဝင်ခင် သံရုံးအပြင်မှာ ရပ်နေတဲ့ပုံကို ပြထားတာပါ။ သူ့ကို အမေရိကန်ပြည်ထောင်စု သူလျှိုတွေက ဧပြီ ၁၈ ရက်မှာ ဖမ်းဆီးခဲ့ပြီး စပိန်နိုင်ငံကို လွှဲမပေးဘဲ အမေရိကန်မှာ ဆက်ပြီး ထိန်းသိမ်းထားဖို့ တရားသူကြီးက အမိန့်ချခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ် အန်းဟာ ဖေဖော်ဝါရီ ၂၂ ရက်က သံရုံးထဲ ဝင်ရောက် မွှေနှောက်ခဲ့တဲ့ ဖောက်ထွင်းဝင်ရောက်သူ ၇ ယောက် အုပ်စုဝင်အဖြစ် တရားစွဲခံထားရပါတယ်။
သူဟာ မြောက်ကိုရီးယားသံရုံးကို ထိန်းချုပ်ထားရင်း သံရုံးဝန်ထမ်းတချို့ကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ပြီး ဓားစာခံအဖြစ် နာရီပေါင်းများစွာ ချုပ်ထားခဲ့တယ်။ အဲဒီနောက် ထွက်ပြေးခဲ့တယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။
စီးနင်းသူတွေဟာ သူတို့ခေါင်းဆောင် အက်ဒရီယံဟောင် အမေရိကန်ကို ခရီးထွက်ပြီး ပြည်ထောင်စု ထောက်လှမ်းရေးဗျူရို FBI နဲ့ မတွေ့ခင်မှာ ကွန်ပျူတာတွေ၊ ဆက်စပ်ပစ္စည်းတွေနဲ့ လက်ကိုင်ဖုန်းတလုံးတို့ကို သံရုံးကနေ ဖယ်ရှားခဲ့တယ်လို့ အမေရိကန်တရားရုံး စာရွက်စာတမ်းတွေက ဆိုပါတယ်။
သံရုံးထဲ ထိုးဖောက်ဝင်ရောက်သူတွေဟာ ချိုလီမာ အရပ်ဘက်ကာကွယ်ရေး အုပ်စုဝင်လို့ သူတို့ကိုယ်သူတို့ခေါ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို ဖြုတ်ချရေး ကြိုးစားနေသူတွေလို့ စပိန်စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ အန်းဟာ ဇူလိုင် ၁၈ ရက် တရားရုံး ကြားနာပွဲကို ရောက်လာဖို့ မျှော်လင့်ထားပါတယ်။