ကျည်ထိမှန်ခဲ့သည့် ကိုယ်ဝန်ဆောင်အမျိုးသမီး ဆေးကုသမှုခံယူရန် အကူအညီလိုအပ်နေ
DVB
·
April 25, 2019
ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ဘင်္ဂါလီရွာက ကိုယ်ဝန်ဆောင် အမျိုးသမီး ကျည်ထိမှန်ကာ ကလေးသေဆုံးပြီးနောက် အရေးပေါ်ဆေးကုသမှုခံယူဖို့ အကူအညီတွေ လိုအပ်နေပါတယ်။
ဧပြီ ၂၁ ရက်မွန်းလွဲ ၂ နာရီလောက်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စံဂိုးတောင်ကျေးရွာအုပ်စု၊ ဆင်သေပြင်ဘင်္ဂါလီရွာမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး ဝမ်းဗိုက်ကို ကျည်ထိမှန်ပြီး ဘူးသီးတောင်ဆေးရုံမှာ ဆေးကုသမူခံယူနေရာမှ ကလေးငယ်သေဆုံးသွားခဲ့တာပါ။
မိခင်ဖြစ်သူကတော့ အခုအခါ အူတပိုင်းထုတ်လိုက်ရပြီး အရေးပေါ်ဆေးကုသမှု ခံယူနေရတာကြောင့် မိသားစုစားဝတ်နေရေး အလွန်အခက်အခဲဖြစ်နေပြီး အကူအညီ လိုအပ်နေတာလို့ ခင်ပွန်းဖြစ်သူ မာမတ်အာမိန်က ပြောပါတယ်။
"လူတဦး ဒဏ်ရာရရင် ငါးသောင်း အစိုးရက ကူညီထောက်ပံ့တယ်။ လူအသက်တခုက ဒီလောက်သာ တန်ဖိုးရှိလား။ အခု ကျနော့်အမျိုးသမီး ဒဏ်ရာက သာမန်ဒဏ်ရာမဟုတ်ဘူး၊ ဗိုက်ထဲကလေးပါသေသွားပြီ အစိုးရက ငွေ ငါးသောင်း ထောက်ပံ့မယ်လို့ လာပြောတယ်။ အဲ့ဒီငွေ ငါးသောင်း ဒီနေ့အထိ မရသေးပါဘူး။ နောက်တခုပြောချင်တာက ဆေးရုံမှာ အရေးပေါ်လူနာ ဓာတ်မှန်ရိုက်ရတယ်။ ငွေ ရှစ်ထောင်ပေးရတယ် နောင်သွေးစစ်ခလား၊ ဆေးခတွေလား၊ ခွဲးစိတ်ခလား မသိပါဘူး။ ငွေ သုံးသောင်းပေးလိုက်ရတယ်။ နောက်ထပ် ဘယ်လောက်ပေးရမလဲ မသိသေးဘူး။ ဆေးရုံက တောင်းရင်ပေးရတောမှာပါ။ အခု ကျနော့်အမျိုးသမီးကို စစ်တွေဖြစ်ဖြစ် ရန်ကုန်ဖြစ်ဖြစ် ဆေးကုသမူခံယူဖို့ သွားချင်တယ်။ အခြေအနေက မကောင်းပါ။ သူမမှာ အူကိုတောင် ဖြတ်ထုတ်လိုက်ရပါပြီ။ ဒီမှာကုသမူခံယူတာထက် အဆင့်မြင့်ဆေးရုံတခုမှာ ဆေးကုသမူပေးချင်တယ်။ သူမကိုပြုစုနေရတာနဲ့ ကျနော်က အလုပ်လည်း မလုပ်နိုင်ဘူး၊ ကျန်နေတဲ့ သားသမီးတွေ ဘယ်သူကျွေးမလဲ" လို့ ငိုပြီးပြောပါတယ်။
ကျည်ထိမှန်ပြီး ဆေးကုသမှုခံယူနေရတဲ့ မဆောနှရ်ရာအား မောင်တောခရိုင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ) အဖွဲ့က ငွေ ၂ သိန်းနဲ့ ဘူးသီးတောင် မွတ်ဆလင်အသိုင်းအ၀ိုင်းက စုပေါင်းပြီး ငွေ ၃ သိန်း ကူညီထောက်ပံ့ထားကြောင်း သိရပါတယ်။
ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းမှာ တပ်မတော်က ဘူးသီးတောင်တောင်ပိုင်း ကျေးရွာ တလျှောက် နယ်မြေရှင်းလင်းရေးလုပ်စဉ် ဆင်သေပြင်ကျေးရွာရှိ သူမရဲ့ နေအိမ်ထဲမှာ နေထိုင်နေစဉ် သေနတ်ကျည်က လာထိမှန်ခဲ့တာလည်းဖြစ်ပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ၀င်းဇော်ဦးက "ထိတွေတိုက်ပွဲဖြစ်တာက ဆင်သေပြင်ကျေးရွာနဲ့ အဝေးကြီးပါ။ တိုက်ပွဲဖြစ်တာက ရှိတယ်။ အောင်သာချောင်းနားမှာ ဖြစ်တာပဲရှိတယ်။ ဗိုက်ကြီးသည်ထိတာလည်း မသိပါဘူး။ ဆင်သေပြင်နဲ့ အောင်သာချောင်းနဲ့က မီတာ ၂၀၀၀ လောက်ဝေးပါတယ်။ ကျနော်တို့က နယ်မြေရှင်းလင်းနေတယ်။ အေအေ ရှိတယ်ဆိုရင် တိုက်ပွဲဖြစ်မှာပါပဲ။ နယ်မြေရှင်းလင်းတဲ့ အခါမှာ လက်နက်ကြီးပစ်ကူပေးဖို့လိုတယ်ဆိုရင် လက်နက်ကြီးပစ်ကူပေးရတယ်။ လက်နက်ကြီး ပစ်ကူပေးတာလည်း တောထဲကိုသာ ပစ်တာရှိတယ်။ ရွာနဲ့ အနီးဝန်းကျင်တို့ကို မပစ်ပါဘူး၊ ဆင်သေပြင် ကိစ္စကလည်း ၀ါဒဖြန့်တာပဲ ဖြစ်နိုင်ပါတယ်" လို့ ဖြေရှင်းထားပါတယ်။
ဗညား