ကစ္စပနဒီသင်္ဘော ခရီးစဉ်တိုင်း အရှုံးပေါ်နေ၊ နေ့စဉ်ပြေးဆွဲပေးနိုင်မည်မဟုတ်ဟု ၀န်ကြီးပြော
DVB
·
April 25, 2019
ဂျပန်နိုင်ငံက ရခိုင်ပြည်သူတွေအတွက် လှူဒါန်းပေးထားတဲ့ ကစ္စပနဒီသင်္ဘောဟာ ခရီးစဉ် ပြေးဆွဲတိုင်း အရှုံးပေါ်နေတာကြောင့် နေ့စဉ်ပြေးဆွဲပေးနိုင်မှာ မဟုတ်ဘူးလို့ ရခိုင်ပြည်နယ် လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ဝန်ကြီးဦးအောင်ကျော်ဇံက ပြောပါတယ်။
“ကစ္စပနဒီကို နေ့စဉ်ပြေးဆွဲဖို့ဆိုတဲ့ ဥစ္စာကတော့ နည်းနည်းအခြေအနေတခု မဖြစ်နိုင်ဘူး၊ ဒီသင်္ဘောဟာ ဆွဲတိုင်းဆွဲတိုင်း ရှုံးနေတယ်၊ ဘာကြောင့် ရှုံးနေလဲဆိုရင် ဆီဈေးကြီးလို့၊ ကျောက်ဖြူနဲ့သင်္ဘော စစ်တွေသွားမယ်ဆိုလို့ရှိရင် ဂါလန် ၄၀၀ လောက်ကုန်တယ် တကြောင်းကို၊ အဲဒီဆီစရိတ်တောင် အခါခါဆွဲနေရတယ်၊ သို့သော်လည်း တဖက်ကလည်း ပုဂ္ဂလိကတွေကိုလည်းပဲ လမ်းကြောင်းဖွင့်ပေးရမယ်ရှိတယ်၊ ဒါကို ကျောက်ဖြူနဲ့စစ်တွေကို အမြဲတမ်း ရှိနေအောင်ကတော့ ပုဂ္ဂလိကတွေနဲ့ ညှပ်ပြီးတော့ ပြေးဆွဲပေးဖို့ အစီအစဉ်တွေ ရှိပါတယ်” လို့ ပြောပါတယ်။
ပုဂ္ဂလိက အမြန်ရေယာဉ်တွေမှာ သတ်မှတ်ချက်စည်းမျဉ်းစည်းကမ်းတွေ ရှိတာကြောင့် သတ်မှတ်ချက်တွေ ပိုမိုတင်ဆောင်တာတွေကို ခွင့်ပြုမှာမဟုတ်သလို ပိုမိုတင်ဆောင်တာတွေကိုလည်း ဥပဒေအရ အရေးယူသွားမယ်လို့ ၀န်ကြီး ဦးအောင်ကျော်ဇံက ပြောပါတယ်။
“သူတို့မှာ စည်းကမ်းကတိက၀တ်အရ ပိုတင်ဆောင်တဲ့ ခရီးသည်ပါလို့ရှိရင် နံပါတ် ၁ ထွက်ခွင့်မပေးဘူး၊ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းကြောင်းလလည်း ရှိခဲ့တော့ နံပါတ် ၁ မထွက်ခိုင်းဘူး၊ နောက်ခရီးသည်တွေ သောင်တင်နေမယ်ဆိုရင်လည်း သူတို့တာဝန်အရ တည်းခိုစရိတ်တွေ၊ ဒီမှာနေဖို့ ဥစ္စာတွေ အပြည့်အ၀လုပ်ပေးရမယ်၊ ပိုတင်တဲ့ယာဉ်တွေ တွေ့လို့ရှိရင်လည်း သူ့ကို ဒဏ်ရိုက်ဖို့အတွက်ပဲ ကျနော်တို့စာတင်ထားတာရှိတယ်၊ ပိုတင်တဲ့လူတွေအတွက် ဒဏ်ရိုက်ဖို့”လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ကျောက်ဖြူမြို့ကနေ စစ်တွေကို ထွက်ခွာတဲ့ အောင်တံခွန် ၃ သင်္ဘောနစ်မြုပ်ပြီးနောက် ရခိုင်ပြည်သူတွေအတွက် ဂျပန်နိုင်ငံက ရေကြောင်း သွားလာရ အဆင်ပြေလွယ်ကူစေဖို့ ကစ္စပနဒီအမည်ရှိ ရေယာဉ်သင်္ဘော ၃ စီးကို လှူဒါန်းပေးခဲ့တာပါ။
အဆိုပါရေယာဉ် ၃ စီးအနက် ကစ္စပနဒီ ၃ ရေယာဉ်တစီးသာ ကျောက်ဖြူနဲ့ စစ်တွေကို တပတ် တရက် ပုဂ္ဂလိက ရေယာဉ်ဈေးနှုန်းထားအတိုင်း ပြေးဆွဲနေတာ ဖြစ်ပြီး ကျန် ၂ စီးပျက်နေတာကြောင့် ပြေးဆွဲနိုင်ခြင်း မရှိသလို တပတ်လျှင် နှစ်ရက်ပြေးဆွဲနိုင်ဖို့ စီစဉ်နေတယ်လို့ ၀န်ကြီးက ပြောပါတယ်။