ရုရှားသမ္မတနှင့် မြောက်ကိုရီးယားခေါင်းဆောင် တွေ့ဆုံဆွေးနွေး

ဓာတ်ပုံ - REUTERS
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့ဟာ ရုရှားနိုင်ငံ အရှေ့စွန်းက ဗလာဒီဗိုစတော့ခ်မြို့အတွင်း တက္ကသိုလ်တခုမှာ ဧပြီ ၂၅ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ပူတင်က ကင်ကို သူလက်ဆွဲနှုတ်ဆက်ရမယ့် ရုရှားအရာရှိတွေနဲ့လည်း မိတ်ဆက်ပေးခဲ့ပါတယ်။ မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေး မတိုးသာမဆုတ်သာဖြစ်နေတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ ရုရှားက ထောက်ပံ့ကူညီချင်တယ်လို့ ပူတင်က ကင်ကို ပြောပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေဖို့ ရုရှားက အားထုတ်ထောက်ပံ့နေတယ်လို့လည်း ပူတင်က ပြောပါတယ်။ ကင်ကလည်း သူ့ကိုတွေ့ဖို့ ကီလိုမီတာ ထောင်ချီပြီး ခရီးနှင်ခဲ့တဲ့အတွက် ပူတင်ကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။ ကိုရီးယားကျွန်းဆွယ် အခြေအနေဟာ ကမ္ဘာ့လူ့အဖွဲ့အစည်းအတွက် ကြီးမားတဲ့ အကျိုးစီးပွားတွေ ရှိနေတယ်၊ ဒီဆွေးနွေးပွဲဟာ အခြေအနေနဲ့ အမြင်ဖလှယ်မှုတွေအတွက် အရေးကြီးလာမယ်လို့ မျှော်လင့်တယ်၊ ကိုရီးယားကျွန်းဆွယ် အခြေအနေအပေါ် အမြင်တွေ ဖလှယ်ဖို့ အခွင့်အရေးပေးတဲ့ သူတို့ရဲ့ ဆွေးနွေးပွဲတွေကို မှတ်တမ်းတင်ထားမယ်လို့လည်း ကင်က ပြောပါတယ်။ ကြာသပတေးနေ့ ထိပ်သီးဆွေးနွေးပွဲဟာ မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေးအတွင်း မရှိမဖြစ် အရေးပါတဲ့ ပါဝင်ပတ်သက်သူ တယောက်အဖြစ် နေရာယူဖို့ ရုရှားရဲ့ အားထုတ်မှုကို ထင်ဟပ်နေတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်မှုအပေါ် အငြင်းပွားခဲ့လို့ အရင်နှစ်လက ကင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ရဲ့ ဒုတိယအကြိမ် ထိပ်သီးညီလာခံဟာ သဘောတူညီမှု တစုံတရာမရဘဲ ပြီးဆုံးခဲ့ပါတယ်။ အဲဒီနောက်မှာ ကင်ရဲ့ ပထမဆုံးအကြိမ် ရုရှားခရီးစဉ် စတင်ခဲ့တာ ဖြစ်ပါတယ်။

More News
Up